Home
မြန်မာသတင်း
ရှမ်းပြည်ညီညွတ်ရေးကော်မတီ မူဝါဒကြေညာစာတမ်း ထုတ်ပြန်
DVB
·
February 7, 2022

ရှမ်းပြည်ညီညွတ်ရေးကော်မတီရဲ့ မူဝါဒကြေညာစာတမ်းဖြစ်တဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး (CSSU Manifesto - Peaceful Coexistence)” စာတမ်းကို ဖေဖော်ဝါရီ ၇ ရက် ဒီကနေ့  ၇၅ နှစ်ပြည့် ရှမ်းပြည် အမျိုးသားနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရှမ်းလက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းနိုင်ငံရေးပါတီတွေနဲ့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ဖွဲ့ ပါဝင် ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ ( CSSU ) ကနေ မူဝါဒကြေညာစာတမ်းကို ထုတ်ပြန်လိုက်တာပါ။

ဒီကြေညာစာတမ်းရဲ့ အဓိကအနှစ်သာရနဲ့ ပတ်သက်ပြီး   CSSU နည်းပညာအကြံပေး  စိုင်းကျော်ညွန့်က “အဓိကအားဖြင့်တော့ အခုချိန်မှာ စစ်ကောင်စီကနေ  စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း  တိုက်ပွဲတွေဖြစ်တယ်။ ပြည်သူလူထုတွေ အများကြီးသေဆုံးတာတွေ အဖမ်းဆီးခံရတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ အများကြီးဖြစ်တယ်၊ ပြီးရင် အပြန်အလှန် လူထုဘက်ကလည်း နည်းပေါင်းမျိုးစုံနဲ့  ငြိမ်းချမ်းစွာဆန္ဒပြတဲ့နည်းလမ်းအပြင် စစ်ရေးနည်းလမ်းတွေကိုပါ သုံးပြီးတော့ ပြန်ပြီးတွန်းလှန် တိုက်ခိုက်နေတာလည်းမြင်ရတယ်။ နောက်ပြီးတော့  အန်အယ်လ်ဒီ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေကလည်း  တိုင်းပြည်ရဲ့အဖြေကို ဘယ်လိုရှာမလဲဆိုတာပြောနေတာရှိတယ်။ ဒါပေမဲ့ ကျနော်တို့သုံးသပ်ချက်က ဘာကိုပဲ သွားမြင်သလဲဆိုတော့ ပဋိပက္ခအသွင်ကို ဆောင်ပြီးတော့  အပြုတ်တိုက်ရေးပေါ့ဗျာ။ ဒီဘက်ကလည်း ဟိုဘက်ကို အပြုတ်တိုက်မယ်။ ဟိုဘက်ကလည် းဒီဘက်ကိုအပြုတ်တိုက်မယ် ဆိုတဲ့ပုံစံကိုပဲ မြင်နေရတယ်။ ဆိုတော့ကာ ဒီဟာကတော့ ရေရှည် ကျနော်တို့ တိုင်းပြည်တည်ဆောက်တဲ့အချိန်ကျရင်တော့ အပြုတ်တိုက်ပြီးတော့ နောက်ဆုံးကျရင်လည်း တိုင်းပြည်ကိုပြန်လည်တည်ဆောက်ကြရမှာပဲ။  ကျနော်တို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီအနေနဲ့ ရှုမြင်တာကျတော့ ကျနော်တို့က  အတူတကွ ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲဆိုတဲ့ နည်းလမ်းကိုရှာကြံရမယ်လို့ မြင်တယ်။ နိုင်ငံရေးပြဿနာကိုလည်း  နိုင်ငံရေးနည်းလမ်းနဲ့  ဖြေရှင်းမယ်၊ နိုင်ငံရေးနည်းလမ်းဆိုတဲ့နေရာမှာလည်း အမျိုးစုံတော့ ရှိတာပေါ့ဗျာ ၊  တကယ့်ကို   ငြိမ်းချမ်းစွာဆန္ဒပြရာကနေ တကယ့်ကို ဆန့်ကျင်တော်လှန်တဲ့နည်းလမ်းတွေက အဆုံးပေါ့ဗျာ။ ဒါတွေက နိုင်ငံရေးနည်းလမ်းပေါ့နည်းပေါင်းစုံလို့ ပြောလို့ရတယ်၊  ဆိုတော့ ဒီဟာတွေကို ဘယ်လိုဘဲဖြေရှင်း ဖြေရှင်း နောက်ပိုင်း  ကျနော်တို့နိုင်ငံကိုတည်ဆောက်ဖို့က ဒီနိုင်ငံသည် ဒီတိုင်းပြည်သည် ဟိုးလွတ်လပ်ရေးမရခင်ကဖြစ်စေ ကိုလိုနီလက်အောက်မကျရောက်ခင် ကတည်းကဖြစ်စေ အတူတကွယှဉ်တွဲနေထိုင်လာတယ်။  ဆိုတော့အဲဒီ နောင်အနာဂတ်တိုင်းပြည်အတွက် ဆိုရင်တော့  ဘယ်လိုပဋိပက္ခတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီပဋိပက္ခတွေဖြေရှင်းပြီးတော့ ပြည်သူလူထုအလိုကျ ရလဒ်တွေ ထွက်ပေါ်လာအောင် ဖြေရှင်းပြီးတဲ့အချိန်ကျရင်  အတူတကွ ယှဉ်တွဲပြီးတော့နေထိုင်နိုင်ဖို့က  နည်းလမ်းပြန်ပြီးတော့ ရှာကြံရမှာဖြစ်တယ်။ အဲဒါက အဓိကကျနော်တို့ရည်ရွယ်ချက်ဖြစ်တယ်။ ဒါကပထမရည်ရွယ်ချက် ပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တယ်”လို့ပြောပါတယ်။

ရှမ်းပြည်မှာက ဟိုးအရင်ကတည်းက သီးခြား ပဒေသရာဇ်ပြည်ထောင်တွေဖြစ်ခဲ့ပြီး ကိုလိုနီလက်ထက်မှာ (Federated Shan States)  ပြည်ထောင်စုရှမ်းပြည်အဖြစ် အတူတကွယှဉ်တွဲနေထိုင်ခဲ့ကာ လွတ်လပ်ရေးကိုအတူရယူခဲ့ပေမဲ့  နောက်ပိုင်းမှာ အာဏာရှင်အဆက်ဆက်တွေရဲ့ အုပ်ချုပ်တဲ့နည်းစနစ်မမှန်ကန်ခဲ့မှုကြောင့် သွေးကွဲပြီး ခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်နေခိုက်နေကြတဲ့အချိန်မှာ ဒါတွေကိုပြန်ပြီးတော့ ကုစားဖြေရှင်းဖို့လိုအပ်တယ်လို့  CSSU  နည်းပညာအကြံပေး စိုင်းကျော်ညွန့်က ပြောပါတယ်။ 

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ရှမ်းပြည်ညီညွတ်ရေးကော်မတီအနေနဲ့ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်အမှတ်သရုပ်တွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုတယ်၊ ပြည်နယ်သား တဦးချင်းရဲ့ ကိုယ်စားပြုခွင့်ကို ဖော်ဆောင်မယ်၊ တန်းတူညီမျှ တန်ဖိုးထား အသိအမှတ်ပြုပြီး အချင်းချင်းအပြန်အလှန်အကျိုးပြုလုပ်ငန်းတွေ လက်တွဲဖော်ဆောင်မယ်လို့ ကြေညာစာတမ်းမှာဖော်ပြပါတယ်။

လွတ်လပ်ငြိမ်းချမ်းတဲ့ အခြေအနေမှာ နေထိုင်နိုင်ဖို့ စစ်ပွဲမပါတဲ့ ပဋိပက္ခအသွင်မဆောင်တဲ့ ယှဉ်ပြိုင်မှုတွေကို အားပေးတဲ့ အတူတကွယှဉ်တွဲနေထိုင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကျင့်သုံးမယ်၊ ပြည်နယ်သားတွေအားလုံး အခြေခံ လူ့အခွင့်အရေးတွေ ဒီမိုကရေစီ အခွင့်အရေးတွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လူမျိုး ဘာသာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို အာမခံချက်ရှိတဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို စုပေါင်းပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ လက်တွဲဆောင်ရွက်မယ် စတာတွေဖော်ပြထားပါတယ်။

အနာဂတ်အိပ်မက်တွေနဲ့ ပတ်သက်ပြီး ဖက်ဒရယ်ရှမ်းပြည်အဖြစ် ပြန်လည်အသက်သွင်းတာဟာ ပြည်နယ်တည်ဆောက်ရေးအတွက် အရေးကြီးလိုအပ်ချက်ဖြစ်တယ်၊ အနာဂတ်ပြည်နယ်မှာ ပြည်နယ်သားအပေါင်းတို့ဟာ တန်းတူအခွင့်အရေးတွေရရှိကြပြီး သူတို့ရဲ့ လူမျိုး၊ ယုံကြည်မှု၊ တိုင်းရင်းသားဖြစ်မှု၊ စိတ်နဲ့ ရုပ်ပိုင်ဆိုင်ရာ စွမ်းဆောင်ရည်၊ လူမှုစီးပွားနောက်ခံ၊ ဂျန်ဒါ ကျား၊မ စတာတွေကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်သွားကြမယ်လို့လည်း စာတမ်းမှာ ရေးထားပါတယ်။ 

အဆိုပါစာတမ်းကို ယုံကြည်သူတွေအနေနဲ့ ပူးပေါင်းလက်တွဲကြဖို့ ဖိတ်ခေါ်ထားပြီး လက်မခံသူတွေ အဖွဲ့အစည်းတွေနဲ့လည်း နည်းလမ်းရှာညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန် ကြေညာထားပါတယ်။ 

ရှမ်းပြည်ညီညွတ်ရေးကော်မတီက ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်သွားကြမယ်လို့ ထုတ်ပြန် ကြေညာထားပေမဲ့ လက်ရှိ အခြေအနေမှာတော့ ရှမ်းပြည်နယ်အတွင်း ရှမ်းလက်နက်ကိုင်တွေ အကြားမှာရော တခြားတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြားမှာပါ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပါတယ်။ 

ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းမှာကျင်းပသလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းနဲ့ ကျိုင်းတုံစစ်ဒေသ လွိုင်ကော်ဝမ်းမှာပါ ဒီကနေ့မနက်အစောပိုင်းက ကျင်းပပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024