Home
ဆောင်းပါး
စစ်အာဏာသိမ်း ၁ နှစ်တာကာလအတွင်း ဘာတွေ ဖြစ်ခဲ့သလဲ
DVB
·
February 1, 2022

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်စောစောမှာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတယ်။ မြန်မာနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ  အာဏာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့တဲ့ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်ရေးကို အလုံးစုံဖယ်ရှားပစ်ဖို့ နောက်တခါ ကြိုးစားလာပြန်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ နေပြည်တော်မှာ လွှတ်တော်အသစ်ကို တက်ဖို့ စောင့်နေတဲ့ အမတ်တွေ စည်ပင်ဝင်းထဲမှာ ထိန်းသိမ်းခံလိုက်ရပါတယ်။ 

ရန်ကုန်မြို့လယ်မှာ ယူနီဖောင်းဝတ် စစ်သားတွေကို ပြန်မြင်လာရပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ တနိုင်ငံလုံး တယ်လီဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြတ်တောက်ထားလိုက်ပါတယ်။ တနိုင်ငံလုံး လူဖမ်းပွဲတွေ စနေပါပြီ၊  ဒီမိုကရေစီအမှာင်ကျတဲ့ နေ့ရက်တွေ ပြန်ရောက်လာပြီ ဆိုတာကို လူတိုင်း သိစေနိုင်တဲ့ စစ်တပ်ရဲ့ ခြေလှမ်းတွေပါ။ 

ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြန်ဖွင့်တယ်ဆိုရင်ပဲ စစ်တပ်ရဲ့ အလိမ်အညာတွေကို စကြားရပါတယ်။  အာဏာသိမ်းတာ မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာကို ခဏထိန်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးပြီးရင် အနိုင်ရတဲ့ ပါတီကို အာဏာပြန်လွှဲပေးမယ် ဆိုပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အကြောင်းကို နောကျေတဲ့ မျိုးဆက်ဟောင်းတွေကတော့ စစ်တပ်က စစ်တပ်က သမိုင်းနောက်ကြောင်း ပြန်လှည့်တော့မယ်ဆိုတာကို ရိပ်စားမိပါတယ်။ ဒါပေမဲ့ အင်အားကြီးတဲ့ စစ်တပ်ကို ဘယ်လို ရင်ဆိုင်ကြမလဲ၊ တနိုင်ငံလုံး တွေဝေနေတုန်းမှာ လူငယ်မျိုးဆက်တွေ ရှေ့တန်းထွက်လာပါတယ်။ ဂျန်ဇီတွေရဲ့ နွေဦး တော်လှန်ရေးဟာ စပါပြီ။

ဝန်ထမ်းတွေရဲ့ ရုံးမတက်နဲ့ ရုန်းထွက် လှုပ်ရှားမှုတွေ ကျယ်ပြန့်လာပါတယ်။ ညရောက်ရင် လမ်းတိုင်းမှာ သံပုံး၊ စလောင်းဖုံးတီး မကောင်းဆိုးရွားကို မောင်းထုတ်သလို စစ်အုပ်ချုပ်ရေးကို မြို့တွေ  ရွာတွေကနေ မောင်းထုတ်ကြပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာ့ပြည်အရေး ထုတ်ဖော် ပြောဆိုလာရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ပါ။ အာဏာသိမ်းစစ်ကောင်စီက လျစ်လျူရူထားတဲ့အတွက် တနိုင်ငံလုံး အုံကြွဖို့ အချိန်ဟာ နီးကပ်လာပါတယ်။ မတရားအာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးလို့ အာမခံပြီး မကြာခင်မှာပဲ ငြိမ်းချမ်တဲ့ဆန္ဒပြပွဲကို အကြမ်းဖက် ဖြိုးခွင်းပါတယ်။ 

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ နေပြည်တော်မှာ မြသွဲ့သွဲ့ခိုင်ကို အာဏာသိမ်းစစ်တပ်ရဲ့ လက်ဖြောင့် သေနတ်သမား ခေါင်းကို တည့်တည့်ချိန်ပစ်ခဲ့ပါတယ်။ နောက်ထပ် ၁၀ ရက်အကြာမှာတော့ မြသွဲ့သွဲ့ခိုင် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အတင့်ရဲလာတဲ့ စစ်တပ်နဲ့ လက်အောက်ခံ လက်နက်ကိုင် တပ်တွေဟာ တရက်တည်းမှာ ဆန္ဒပြသမား လူ ၁၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ တနိုင်ငံလုံး အထွေထွေသပိတ်မှာ လူသန်းချီ ပါဝင်ခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း အကြီးမား အကျယ်ပြန့်ဆုံး ဆန္ဒပြပွဲ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂမှာတော့ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အာဏာသိမ်း စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်ပြီး ဖမ်းဆီးခံထားရသူ  ရာပေါင်းများစွာကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် သတ်ပစ်နေဆဲပါ။ 

မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာ နောက်ထပ် လူပေါင်း ၁၄၁ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ဆိုပါတယ်။  ရန်ကုန်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူ အယောက် ၄၀ နဲ့ မန္တလေးမှာ ၃၀ နီးပါးကို စစ်တပ်က သတ်ပစ်ခဲ့ပါတယ်။ တခြား မြို့တွေမှာလည်း ဆန္ဒပြသမားတွေကို ရက်ရက်စက်စက် ပစ်သတ်ခံရပါတယ်။ 

ဧပြီလ ၂၇ ရက်နေ့မှာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်သူတွေ၊ တိုင်းရင်းသားတွေ စုပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းလိုက်ကြပါတယ်။ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ရရှိဖို့ ရည်ရွယ်ပါတယ်။ 

ဧပြီလကုန်ပိုင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ခွင့်ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာက အာဆီယံ အရေးပေါ် အစည်းအဝေးကနေ အချက်ငါးချက် ပါတဲ့ ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့ပါတယ်။ 

အကြမ်းဖက်မှု အဆုံးသတ်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့၊ အာဆီယံ အထူးသံတမန်ကို ပြည်ဝင်ခွင့်ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။ နောက်နှစ်ပတ် အကြာမှာပဲ အာဏာသိမ်းစစ်တပ်ဟာ အာဆီယံသံတမန်ကို ပြည်ဝင်ခွင့်မပေးဘဲ ငြင်းလိုက်ပါတယ်။ နောက်ထပ် လပေါင်းများစွာကြာတဲ့အထိ အာဆီယံ သဘောတူညီချက်ဟာလည်း ဘာမှ အရာထင်မလာပါဘူး။  

ဇူလိုင်လထဲမှာ တိုင်းပြည်မှာ ကိုဗစ် ၁၉ ကပ်ဘေး နောက်တကျော့ ဆိုးဆိုးရွားရွား ကြုံနေရတဲ့အချိန် အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိမ်စောင့်အစိုးရ ဆိုတာကို ဖွဲ့စည်းပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ် ခန့်လိုက်ပါတယ်။ မကြာခင်မှာ ဖမ်းထားသူ တချို့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ တချို့ ပြန်အဖမ်းခံရပါတယ်။

၂၀၂၁ နှစ်မကုန်ခင်မှာ အာဏာသိမ်း စစ်တပ်က သတ်ဖြတ်လို့ သေဆုံးတဲ့ အရပ်သား ပြည်သူ ၁၃၀၀ ကျော်ပြီး၊ လူပေါင်း ၈၀၀၀ လောက် ထောင်သွင်းအကျဉ်းချထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ) က ဆိုပါတယ်။ 

အဆိုးရွားဆုံး အဖြစ်အပျက်တခုကတော့ ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့ခဲ့တဲ့ အလောင်းပေါင်း ၃၀ ကို ခရစ္စမတ် ကာလအတွင်း တွေ့ရှိခဲ့ရပါတယ်။ 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်က စတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မြန်မာပြည် အနှံ့အပြားမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့ပါတယ်။ 

အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီး စတုတ္ထ ၁ လတာ အတွင်း အာဏာသိမ်း စစ်ကောင်စီဘက်က ၂၃၇၇ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀၅ ယောက်ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုပါတယ်။ မြေပြင်အခြေအနေမှာ ပိုပြီးတော့ များနိုင်ပါတယ်။ 

၂၀၂၁ ခုနှစ် ၁ နှစ်တာအတွင်း ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က အယောက် ၂၁၉၀ သေဆုံးပြီး ၂၀၄၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၇ ရက် မနက်မှာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့  နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။ စစ်တပ်က အာဏာသိမ်းအပြီး တနှစ်နီးပါး ကြာ ကာလအတွင်း မြန်မာပြည်ကို ပထမဆုံး အလည်အပတ်လာတဲ့ နိုင်ငံအကြီးအကဲ ဖြစ်လာပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးမှာ   ထောင်ဒဏ် ၄ နှစ် ထပ်ချပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံဟာ စစ်ကောင်စီက စွပ်စွဲထားတဲ့ စုစုပေါင်း အမှု ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ၂၀၂၁ ခုနှစ်က  ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်နေရပါတယ်။ 

အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ အစိုးရ အဖွဲ့ဝင်တွေကို စစ်ကောင်စီ တရားရုံးက နှစ်စဉ် ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ ထင်ရှားတဲ့ ရုပ်ရှင် အနုပညာရှင်တွေလည်း ထောင်သွင်းအကျဉ်းချခံရ၊ တချို့က အဖမ်းမခံဘဲ တိမ်းရှောင်နေကြရပါတယ်။ 

ဇန်ဝါရီ ၁၄ ရက် နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ လူပေါင်း ၄၀၀ ကျော်ကို အမှုဖွင့်အရေးယူထားတယ်လို့ ပြောပါတယ်။

တော်လှန်ရေးသမားတွေဟာ ရန်ကုန်လို မြို့ကြီးတွေမှာ မြို့ပြပြောက်ကျားနည်းတွေကို သုံးပြီး စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။  တချိန်တည်းမှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပေါ်က ပြောက်ကျား တိုက်ခိုက်ရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အုံနဲ့ ကျင်းနဲ့ အဖမ်းခံရပါတယ်။ 

အောက်တိုဘာ ၂၃ ရက်မှာ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို စစ်ကောင်စီတပ်တွေက ဒဂုံမြို့သစ် (မြောက်ပိုင်း) မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့ပါတယ်။

နိုဝင်ဘာလ ၂၀ ရက်မှာ အန်အယ်ဒီ လွှတ်တော်အမတ်ဟောင်း ဖြစ်တဲ့ ကိုဖြိုးဇေယျာသော်ကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာမှာ  ဖမ်းဆီးခဲ့ပါတယ်။ 

၂၀၂၂ ဇန်နဝါရီ ၂၁ ရက်မှာ သူတို့ နှစ်ယောက်လုံးကို မြို့ပြပြောက်ကျား တပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ စွပ်စွဲပြီး သေဒဏ်အမိန့်ချမှတ်ကြောင်း စစ်တပ်ပိုင်မြဝတီရုပ်သံက ကြေညာပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက် (UNHCR ကိန်းဂဏန်းတွေအရ) မှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်ဘေးရှောင် နှစ်သိန်းကျော် (၂၀၀,၄၀၀ ဦး) နဲ့ အနောက်မြောက်ပိုင်းမှာ တသိန်းငါးသောင်းကျော် (၁၅၇,၅၀၀ ဦး (၄၁ ရာခိုင်နှုန်း) အပါအဝင် လူဦးရေ ၃၇၇,၈၀၀ လောက်ဟာ   တိုက်ပွဲ ရှောင်ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

ကယားပြည်နယ် လူဦးရေ ထက်ဝက်ကျော်ဟာ စစ်ကောင်စီတပ်တွေဘက်က လေကြာင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရပ်ရွာစင်တာ၊ ဘာသာရေးအဆောက်အအုံတွေ၊ တချို့ နီးစပ်ရာတောတောင်တွေထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ကတည်းက ကရင်ပြည်နယ်မှာလည်း  လူဦးရေ ၂၂,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရပါတယ်။ 

ဇန်နဝါရီ ၁၇ ရက်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ ပိုမိုယိုယွင်းလာနေတဲ့အခြေအနေကို တားဆီးနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ ကူညီပံ့ပိုးမှုတွေ ပိုလုပ်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။

ဘန်ကောက်မြို့မှာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့တွေ့ဆုံရာမှာ ကုလသံတမန် မစ္စနိုလင်း ဟေဇာက မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ထိုင်းနယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းဘက်က အကာကွယ်ပေးတာ ကြိုဆိုလက်ခံကြောင်းပြောပြီး၊ အာဆီယံအဖွဲ့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို မြန်မာစစ်တပ်အပေါ် ပိုပြီးတွန်းအားပေးလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာမှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူကို ကိုယ်စားပြုခွင့်ရရေးနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ရဲ့ အားပြိုင်မှုဟာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ထိုင်ခုံနေရာကနေ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရင်ဆိုင်ဖြေရှင်းခွင့်အထိ အပြိုင်ရှိနေပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ သတင်းလွတ်လပ်ခွင့်ကို ဆက်တိုက် ဖိနှိပ်လာတာ တစ်နှစ်နီးပါးကာလအတွင်း  သတင်းသမား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ပါတယ်။ တချို့ပြန်လွတ်လာပေမဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအထိ သတင်းထောက် ၅၀ လောက်ကို ဆက်ဖမ်းထားပါတယ်။ 

အလွတ်တန်း ဓာတ်ပုံဆရာ ကိုစိုးနိုင်၊ Federal News ဂျာနယ် အယ်ဒီတာ စိုင်းဝင်းအောင်၊  ချင်းပြည်နယ် အခြေစိုက် ခေါနူသုမ် မီဒီယာတည်ထောင်သူ၊ ဝါရင့် အယ်ဒီတာ ပူးသွီဒင်း တို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ တစ်နှစ်ကြာတဲ့အထိ တိုင်းပြည်ကို စိတ်တိုင်းကျ မအုပ်ချုပ်နိုင်သေးဘဲ နောက်ထပ် တစ်နှစ်သစ်သက်တမ်းတိုးပြီး PR  စနစ်လို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုမှုစနစ်နဲ့ တိုင်းပြည်ကို ရေရှည်အုပ်ချုပ်ဖို့ အစီအမံတွေကို ရှေ့တိုးလုပ်ဆောင်လာပါတယ်။ 

ဒီမိုကရေစီ အရပ်သား အုပ်ချုပ်ရေးကို နင်းခြေဖျက်ဆီးပြီး တိုင်းပြည်ကို စစ်တပ် ထိန်းချုပ်မှုအောက်ကို ပြန်ဆွဲသွင်းမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  အပေါင်းအပါ တစ်စုရဲ့ အကြံအစည် အောင်မြင်နိုင်မလား။ အမျိုးသားညီညွတ်ရေး အစိုးရကတော့ အခု ၂၀၂၂ ခုနှစ်ဟာ နွေဦးတော်လှန်ရေးနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တော်လှန်ရေး အောင်ပွဲခံမယ့် နှစ်ဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024