ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနောက်ဘက်မှာရှိတဲ့ ခြေလျင်တပ်ရင်း ၂၄၁ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရတဲ့အချိန်ဟာ စစ်ကောင်စီတပ်သားတွေ တန်းစီနေတဲ့အချိန်ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ဗျူဟာဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
အဲဒီလို ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ခလရ ၂၄၁ နဲ့ ကပ်လျက်မှာရှိတဲ့ ရပ်ကွက် ၁ အတွင်းက လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ စီမံကိန်းရုံးပါ ထိမှန်ပျက်စီးသွားတယ်လို ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
ပျက်စီးသွားတဲ့ စာသင်ကျောင်းကတော့ ဖွင့်လှစ်ထားပေမယ့် တက်ရောက်သူ ကျောင်းသား ကျောင်းသူမရှိဘူးလို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ နှစ်ဘက် ထိခိုက်ကျဆုံးတာတော့ မသိရှိရသေးပါဘူး။