Home
မြန်မာသတင်း
အာဏာသိမ်းပြီး ၁ နှစ်ကြာအထိ စစ်ကောင်စီက လူထုကို ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်
DVB
·
February 1, 2022

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကြာတဲ့အထိ ပြည်သူ့ဆေးရုံတွေနဲ့ ဆေးခန်းတွေက လူထုရဲ့ လိုအပ်ချက်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘူးလို့ နယ်စည်မထားဆရာ၀န်များ အဖွဲ့( MSF)က ထုတ်ပြန်ပါတယ်။

လူထုဟာ ကုန်ကျစရိတ်နည်းတဲ့ အစိုးရဆေးရုံတွေအစား ကုန်ကျစရိတ် ကြီးမားတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေကိုသာ တစ်ခုတည်းသော ရွေးချယ်စရာအဖြစ် အားကိုးနေရတယ်လို့ ဆိုထားပြီး အများပြည်သူ ကျန်းမာရေး စောက်ရှောက်မှုနဲ့ပတ်သက်တဲ့ အချက် ၅ချက်ကို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နယ်စည်းမထားဆရာ၀န်များ အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို မထိန်းနိုင်ခဲ့တာကြောင့် လိုအပ်တဲ့ ကျန်းမာရေးအကူအညီ မရရှိသူ ထောင်ပေါင်းများစွာဟာ သေဆုံးခဲ့ရကြောင်း၊ စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်ကစပြီး အစိုးရရဲ့ အိတ်ချ်အိုင်ဗွီနဲ့ တီဘီတိုက်ဖျက်ရေး စီမံချက်တွေလည်း ကောင်းကောင်း လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့တဲ့အတွက် မြန်မာနိုင်ငံမှာ အိတ်ချ်အိုင်ဗွီ နဲ့တီဘီတိုက်ဖျက်ရေးအတွက် နှစ်ပေါင်း ၂၀ ကျော်ကြာ ဆောက်ရွက်ခဲ့တဲ့ တိုးတက်မှုတွေ အားလုံးထိခိုက်ခဲ့ရ ကြောင်း စတဲ့အချက်တွေပါ၀င်ပါတယ်။

တိုက်ပွဲတွေ၊ လုံခြုံရေး ပြဿနာတွေ၊ စီးပွားရေး အခက်အခဲတွေနဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာ ကန့်သတ်မှုတွေက လူထုကျန်းမာရေး စောက်ရှောက်မှု ရယူနိုင်မှုကို အဟန့်အတား ဖြစ်စေခဲ့တဲ့အချက်ကိုလည်း ထည့်သွင်းဖော်ပြထားပြီး၊ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောက်ရှောက်မှု စနစ်အပေါ် တိုက်ခိုက်ခံရမှုပေါင်း ၂၈၆ ခုရှိခဲ့ကာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အများဆုံး အရေအတွက် ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ကျန်းမာရေးဝန်ထမ်းတွေဟာ အလုပ်တွေကို စွန့်ခွာပြီး အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီနောက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ကောင်းစွာအလုပ်မလုပ်တော့သလို ဆရာဝန်တွေ၊ သူနာပြုတွေဟာလည်း ဖမ်းဆီးခံရ၊ တိုက်ခိုက်ခံခဲ့ရပြီး ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက် ကူးစက်ပြန့်ပွားမှုမှာ လူထောင်ပေါင်းများစွာ မသေသင့်ပဲ သေဆုံးခဲ့ရပါတယ် အဆိုပါအဖွဲ့ကဆိုပါတယ်။

MSF အနေနဲ့ အဲ့ဒီအခြေအနေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဝန်ဆောင်မှုကွက်လပ်တွေကို ကြားဝင်ကူညီပေးရင်း မျက်မြင်ကြုံတွေ့ခဲ့ရတဲ့  အခြေအနေတွေကို အာဏာသိမ်းမှုတစ်နှစ်ပြည့်တဲ့နေ့မှာ အခုလိုမျှဝေတာဖြစ်တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာရုံး (ILO)ရဲ့ ခန့်မှန်းချက်မှာလည်း  ၂၀၂၁ခုနှစ်မှာ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ဆုံးရှုံးမှု ၁ ဒသမ ၆သန်း ရှိကြောင်းဖော်ပြထားပါတယ်။

မကြာသေးခင်က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အခြေအနေ တွေကြောင့် မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မှုကို အဟန့်အတားဖြစ်စေပြီး  ဆင်းရဲမွဲတေမှု ပမာဏဟာလည်း ကိုဗစ် −၁၉ ကူးစက် ရောဂါ မဖြစ်ပွားခင်ကထက်နှစ်ဆ ပိုမိုများပြားလာတယ်လို့   ခန့်မှန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024