မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သီးပင်ကုန်းကျေးရွာက ဇနီးမောင်နှံကို PDF တွေအတွက် ထောက်ပံ့ကူညီနေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃၁ ရက်မှာ ရိုက်နှက် ဖမ်းဆီးသွားပါတယ်။
သီးပင်ကုန်းကျေးရွာသား ကိုသက်ပိုင်ဇော်နဲ့ သူ့အမျိုးသမီးတို့ကို သူတို့နေတဲ့အိမ်ကနေ မနေ့ညပိုင်းက လာဖမ်းသွားတာဖြစ်တယ်လို့ မင်းတုန်းမြို့ခံတယောက်ဆီက သိရပါတယ်။ သူတို့နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစဥ်မှာလည်း အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ အိမ်နီးနားချင်း တယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံ PDF ခေါင်းဆောင်တယောက်က “မနေ့က စစ်ကား ၃ စီးနဲ့ စစ်သားတွေ၊ ရဲတွေ လာဖမ်းသွားတာ။ သူတို့က ဓာတ်ဆီရောင်းတယ်။ ဝပ်ရှော့လည်း လုပ်တယ်။ ဘယ်သူမဆို ဆီ၀င်ထည့်မှာပဲ။ ကျနော်တို့လည်း ဆီလိုရင်၀င်၀ယ်တာပဲ။ အဲဒါကို ဘယ်ဒလန်က ချွန်လိုက်လဲ မသိဘူး။ သူတို့ ဘာမှ ထောက်ပံ့ကူညီတာလည်း မရှိပါဘူး။ သူ့စီးပွားရေးသူ လုပ်တာပဲ၊ တခုပဲရှိတယ်။ မနေ့က သူတို့ တိုက်ပွဲမှာ ၇ ယောက်လောက် ကျသွားတာကို တွေ့မြင်ရာကို လျှောက်မဲနေတာ။ မနေ့ကလည်း ဇာလီရွာက ၂ ယောက်ကိုလည်း ဖမ်းသွားသေးတယ်။ အခုလည်း ထပ်မဲပြီး အခုလိုဖမ်းသွားတာ။ တကယ်က ကျနော်တို့နဲ့ လုံး ၀ပတ်သတ်မှုမရှိဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သီးပင်ကုန်းကျေးရွာသား ကိုသက်ပိုင်ဇော်နဲ့ ဇနီးဖြစ်သူတို့ကို စစ်ကောင်စီတပ်က သရက်ထောင် စစ်ကြောရေးစခန်းကို ခေါ်သွားတယ်လို့ ဒေသခံရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သီးပင်ကျေးရွာဟာ မင်းတုန်းမြို့နဲ့ ပြောင်ကျေးရွာကြားမှာ တည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။