ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၁ နှစ်ပြည့် အသံတိတ်သပိတ်နဲ့ ဆန္ဒပြဖို့ရှိနေချိန်မှာ စစ်ကောင်စီက ပြင်ဦးလွင်မြို့မှာ ဈေးဆိုင်တွေ ဖွင့်လှစ်ရောင်းချကြဖို့ လိုက်လံဆော်ဩနေပါတယ်။
ဆိုင်တချို့ကိုတော့ ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် ပိုင်ရှင်ကို လာရောက်ဖမ်းဆီးသွားတဲ့အပြင် ဆိုင်ကိုလည်း နိုင်ငံပိုင် သိမ်းသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဈေးတွေ ဆိုင်ခန်းတွေ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင် စတာတွေကို အသံတိတ်သပိတ်နေ့မှာ မဖြစ်မနေ ဖွင့်လှစ်ဖို့ စာတွေလိုက်ဝေထားပြီး လာရောက်စားသုံးသူ၊ ဝယ်ယူသူ မရှိလည်း ဖွင့်ထားဖို့ ပြောဆိုသွားတယ်လို့ ဆိုင်ပိုင်ရှင် တယောက်က ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုလည်း အသံတိတ်သပိတ်နေ့မှာ အလုပ်သမားတွေက အလုပ်ဆင်းကြဖို့ စာနဲ့တကွ လာရောက် ပြောဆိုသွားတာတွေရှိတယ်လို့ အဆိုပါအသိုင်းအဝိုင်းက သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ တစ်နှစ်ပြည့် ဖြစ်တာကြောင့် နိုင်ငံတဝန်းမှာ အသံတိတ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ လူထုဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်ကြဖို့ ရှိနေတာပါ။