မကွေးတိုင်း ဆောမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို လာမယ့် ဖေဖော်ဝါရီ ၅ ရက် ည ၁၂ နာရီနောက်ဆုံးထားပြီး ခံဝန်ချက်နဲ့အတူ ပြည်သူ့ ရင်ခွင်ခိုလှုံကြဖို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၃၀ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
အဲ့ဒီကြေညာချက်ပါ ဖော်ပြချက်အရ ဆောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီခိုင်းစေသမျှကို ဆက်လက်ဆောင်ရွက်နေပါက နိုင်ငံတော်ပုန်ကန်သစ္စာဖောက်ဖျက်မှု မှာ ကြံရာပါအဖြစ် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။
"စစ်ကောင်စီရဲ့ လက်အောက်ခံ၊ သစ္စာခံအဖြစ်ကနေ ပြည်သူလူထုရဲ့ သစ္စာကိုခံယူကြဖို့ပါ။ နောက်ဆုံး နေ့စွဲအချိန်ကအစ အတိကျထုတ်ပြန်ထားပါတယ်။ မလိုက်နာရင် အရေးယူ ဆောင်ရွက်ရမယ့် အပိုင်းဖြစ်သွားပြီပေါ့။ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြောချင်တာက မှန်ကန်တဲ့ အသိတရားရှိကြဖို့၊ အမှားကို အမှားမှန်းသိရင် အဲ့ဒီအမှားကို ဆက်လက်ဆုပ်ကိုင်မနေဘဲ စွန့်လွှတ်ကြဖို့ ပြောချင်ပါတယ်” လို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ ခံဝန်ပေးပို့ပြီး စစ်ကောင်စီရဲ့အလုပ်ကို ဆက်လုပ်တာ၊ ပြည်သူ့အခွန်ငွေကို လစာထုတ်ယူသုံးစွဲနေပါက ထိရောက်စွာ အရေးယူနိုင်ရေး စိစစ်ဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေသလို မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီအဖွဲ့ဝင် အများပြားသေဆုံးခဲ့ပါတယ်။