မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်က ရေနံမှော်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က သပြေညိုရေနံမှောနဲ့ ရေခါးရေနံမှော်ကြားမှာ မနေ့ညနေ ၅ နာရီလောက်က အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က မိုင်း ၄ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ မြိုင်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ပေမယ့် မြိုင်PDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်တွေမှာ ပြည်သူတွေရဲ့ ရေနံတွင်းတွေ၊ ဆီခြံတွေကို နေ့စဥ်ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း အပြစ်မဲ့ပြည်သူ ၂ ယောက်ကို သတ်ဖြတ်သွားကြတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ် လင်းကတောရဲစခန်းကိုလည်း မနေ့က မွန်းလွှဲ ၂ နာရီလောက်မှာ မြိုင်၊ ရေစကြိုနဲ့ ဆားလင်းကြီး PDF ညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
“ဒီကောင်တွေက အစပိုင်းမှာ ခံပစ်သေးတယ်ဗျ။ နောက်ပိုင်းမှာ မိသားစုဝင်တွေကိုထားခဲ့ပြီး ကိုယ်လွတ်ရုံးထွက်ပြေးကြတာ။ မိသားစုဝင်တွေကိုတော့ ပြည်သူ့ဘက်မှာရပ်တည်ကြဖို့ ပြောကြားပြီး ပြန်လွှတ်ပေးခဲ့တယ်။”
အဲဒီတိုက်ပွဲအတွင်းမှာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး ရဲစခန်းအဆောက်ဦ၊ လက်နက်တိုက်နဲ့ လိုင်းခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ပုသိမ်-မုံရွာလမ်းဆုံက ဂိတ်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။