မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဘီယာဆိုင် ၂ ဆိုင်မှာ ဇန်နဝါရီ ၂၈ ရက် ည ၇ နာရီခွဲကျော်လောက်က ဗုံးပေါက်ကွဲမှုနဲ့ မီးပုလင်းပစ်ခံရမှုတို့ ဖြစ်ခဲ့ပါတယ်။
အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၈၇ လမ်း၊ ၁၂ လမ်းနဲ့ ၁၄ လမ်းကြားရှိ ရွှေလီထွန်း ဘီယာဆိုင်ရှေ့မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးတာတော့ မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ၂၂ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားရှိ DAGON STAR ဘီယာဆိုင်အရှေ့မှာလည်း မီးပုလင်းတစ်လုံးကွဲခဲ့ပြီး ဆိုင်ကယ်တစ်စီး အနည်းငယ်မီးစွဲလောင်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်တဲ့ ဆိုင်နဲ့ မီးပုလင်းကွဲမှုဖြစ်တဲ့ဆိုင်တွေဟာ စစ်ကောင်စီဒေါက်တိုင် Myanmar ဘီယာနဲ့ ဒဂုံဘီယာ ရောင်းချတဲ့ဆိုင်တွေ ဖြစ်တယ်လို့ သိရပါတယ်။