ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်က ထင်းခုတ်တောင်သူတယောက် တောတက်ထင်းခုတ်သွားချိန် စစ်တပ်က ထောင်ထားတဲ့မိုင်း တက်နင်းမိတာကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ထင်းခုတ်သမားအမျိုးသားဟာ ၁၂ ရက်နေ့က တောထဲကနေ ထင်းခုတ်ပြီးအပြန် ညနေ ၅ နာရီလောက် မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ပြတ်ဒဏ်ရာနဲ့ ဘယ်ဘက်ခြေထောက်အထက်ပိုင်း ပြတ်ရှဒဏ်ရာတို့ ရရှိခဲ့တာလို့ ဆိုပါတယ်။
ထိခိုက်မှုဖြစ်ပွားပြီးချိန်မှာ ကွတ်ခိုင်မြို့နယ် တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသခဲ့ပေမဲ့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေကြောင့် ဇန်နဝါရီ ၁၃ ရက်နေ့မှာ လားရှိုးပြည်သူ့ဆေးရုံကို ပြောင်းရွှေ့လာပြီး လက်ရှိဆေးကုသမှု ခံယူနေပါတယ်။
စစ်ကောင်စီတပ်ဟာ နယ်မြေအတွင်းရှိ လက်နက်ကိုင်တွေနဲ့ ၂၀၁၉ ခုနှစ်မှာ တိုက်ပွဲဖြစ်ချိန်တွေထဲက မြေမြှုပ်မိုင်းတွေထောင်ခဲ့တာဖြစ်ပြီး အရင်ကတော့ ကျွဲ၊ နွား၊ တိရစ္ဆာန် တွေသာ ထိခိုက်သေဆုံးခဲ့တယ်လို့လည်း ကျေးရွာကော်မတီဝင်တယောက်က ပြောပါတယ်။
အခုဖြစ်စဉ်ကတော့ လူကို ထိခိုက်စေတဲ့ ပထမဆုံး ပေါက်ကွဲမှုဖြစ်ပြီး ရွာသူရွာသားတွေကတော့ အခင်းဖြစ်ပွားခဲ့တဲ့ တောထဲကို ဝင်ရောက်လုပ်ကိုင်ဖို့ ကြောက်ရွံ့နေတယ်လို့လည်း ဆိုပါတယ်။