Home
မြန်မာသတင်း
တောင်ကြီး၊ ဆီဆိုင်နှင့် ညောင်ရွှေဘက်ကို ကယားစစ်ရှောင် ထောင်ချီ ထပ်မံရောက်ရှိ
DVB
·
January 14, 2022

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဆီဆိုင်နဲ့ ‌နောင်ထောင်၊ ညောင်ရွှေနဲ့ စလောင်းထောင်ရွာတွေဘက်ကို စစ်ရှောင်ပြည်သူထောင်နဲ့ချီပြီး ထပ်မံစစ်ရှောင်လာကြပါတယ်။

တောင်ကြီးမြို့ကိုလည်း စစ်ရှောင်ပြည်သူဦးရေ ထောင်နဲ့ချီပြီး ရောက်ရှိလာတာကြောင့် အိမ်ငှားရမ်းခတွေ ဈေးတက်သွားပြီး စစ်ရှောင်ပြည်သူတွေအတွက်လည်း နေရာထိုင်ခင်း အခက်အခဲတွေ ရှိနေပါတယ်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေရဲ့ တိတ်တဆိတ်ညွှန်ကြားမှုတွေကြောင့် နေအိမ်ငှားရမ်းပေးဖို့ ကြောက်လန့်နေသူတွေ ရှိသလို လက်ခံကူညီပေးနေတဲ့ ခရစ်ယာန်အသင်းတော်များနဲ့ မြို့ခံလူတွေလည်း ရှိပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေကလည်း လိုက်လံကူညီ ဆောင်ရွက်ပေးနေကြပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုသူ မြို့ခံအမျိုးသားတစ်ဦးကတော့ “ကျနော့်ခြံကို အခမဲ့တစ်နှစ်ငှားပေးမယ်လို့ ပြောထားတာကြောင့် လာဆက်သွယ်တဲ့သူတွေရှိတယ်။ ခြံထဲမှာ အိမ်ဆောက်ထားတာတော့ မရှိဘူး၊ အဆင်ပြေသလိုဆောက်ပြီးနေလို့ရတယ်၊ ရေမီးတော့အစုံရှိတယ်။ သူတို့လိုအပ်မှာကတော့ အိမ်ဆောက်ဖို့နဲ့ စောင်၊ ခြင်ထောင်တွေပေါ့။ စားနပ်ရိက္ခာတွေကိုတော့ နောက်ပိုင်းအလျဉ်းသင့်သလို ထောက်ပံ့သွားဖို့ရှိပါတယ်။ အိမ်မငှားပေးတာတွေရှိပေမဲ့ တကယ်ကူညီနေတဲ့ ကျနော်တို့လိုလူတွေလည်း ရှိနေပါတယ်။ တကယ်လိုအပ်နေတဲ့ အချိန်မှာ ရှမ်းပြည်ကလူတွေက ကူညီဖို့ အမြဲအဆင်သင့်ရှိပြီး နွေးထွေးစွာ ကြိုဆိုနေပါတယ်ဆိုတာလည်း သိစေချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ကရင်နီ (ကယား) ပြည်နယ် စစ်ဘေးရှောင်တွေဟာ တောင်ကြီးမြို့ကို ဇန်နဝါရီ ၉ ရက်နေ့ညက စတင်ရောက်ရှိလာကြကာ တစ်ရက်ကို လူဦးရေသုံးရာကျော်လောက်ရှိတယ်လို့ တောင်ကြီး မြို့အဝင်မှာ စစ်ရှောင်တွေကို ထမင်းဘူးဝေပေးတဲ့ သူတွေဆီက သိရပါတယ်။ 

အိမ်ငှားရမ်းရာမှာ လိုက်လံကူညီပေးနေတဲ့ လူငယ်တစ်ဦးကလည်း “ကျနော်တို့ လူငယ်တွေနဲ့ ကူညီပေးနေတဲ့အဖွဲ့ သုံးလေးဖွဲ့လောက်နဲ့ ချိတ်ဆက်ထားပါတယ်။ အခုလောလောဆယ်တော့ ပိုက်ဆံမ‌ပေးရပဲ လက်ခံနေတဲ့ နေရာတွေကိုတော့ အဓိက လိုက်ရှာနေပါတယ်။ လောလောဆယ် လက်ထဲ ငွေအများကြီး မရှိတော့ အများကြီးငှားဖို့လည်း မတတ်နိုင်ဘူးဗျာ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့မှာတင်ပဲ တောင်ကြီးမြို့ကို စစ်ရှောင်ဦးရေ ၁၀၀၀ လောက်အထိ ထပ်မံရောက်ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ခန့်မှန်းပြောဆိုပါတယ်။ 

စစ်ရှောင်လာတဲ့သူတွေကို မြို့ဝင်မြို့ထွက်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလည်း ရှိတယ်လို့ လွိုင်ကော်မြို့ကနေ တောင်ကြီးမြို့ကို လာရောက်ရှောင်တိမ်းနေတဲ့ ပြည်သူတစ်ဦးကက ပြောပါတယ်။

“ကျနော်တို့လာတာ တောင်ကြီးအဝင်မှာတော့ အရမ်းစစ်တယ်၊ ဘယ်သွားမှာလဲ၊ ဘယ်မှာနေမှာလဲ၊ မှတ်ပုံတင်ပြ၊ ရောက်တာနဲ့ဧည့်စာရင်း တိုင်ရမယ်လို့တော့ ပြောတယ်။ ကျနော်တို့က တည်းမဲ့အိမ်ရှိတော့ လိပ်စာပြောလိုက်တာ အဆင်ပြေသွားတယ်။ တစ်ချို့ကားတွေကိုတော့ အရမ်းရစ်တယ်ဗျ။” လို့ DVB ကို ပြော‌ပါတယ်။

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေး စစ်ရှောင်နေကြရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024