စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအနီးမှာ ဇန်နဝါရီ ၁၀ ရက်ညက စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ဆိုင်ကယ်စီးနှင်းလာသူ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့နှစ်ယောက် ဆိုင်ကယ်စီးလာတာကို မြဘုရင် သကြားစက်နားမှာ စောင့်နေတဲ့ စစ်သားက လှမ်းပစ်တာ။ နှစ်ယောက်စလုံး သေတယ်။ ည ၇ နာရီလောက်မှာ ဖြစ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့သူတွေဟာ သပိတ်ကျင်းမြို့နယ် ကြာညှပ်ရွာမှာ နေတဲ့ ကိုဖြိုး နဲ့ ကိုဇာနည် နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက နေရာအချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတာတွေ ပြုလုပ်နေတဲ့အတွက် ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။