မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမူနဲ့အတူ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၃၀ လောက် လုပ်ငန်းရပ်ဆိုင်းသွားတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်အာဏာမသိမ်းခင် ဇန်နဝါရီလက ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၀၂ ခု အထိရှိခဲ့ရာ အခုတော့ ၇၅ ခုလောက်သာ မှတ်ပုံတင်ဆက်လက်ကျန်ရှိနေတာ တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမူနဲ့ စီးပွားရေးလုပ်ငန်းတွေတိုးချဲ့မှု ကျဆင်းသွားတာရဲ့ အကျိုးဆက်အဖြစ် အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ တိုက်ရိုက်ထိခိုက်လာခဲ့ကြောင့် အေဂျင်စီတွေအနေနဲ့လည်း ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"ဒီအချိန်မှာ အလုပ်တစ်ခုရဖို့က မလွယ်ဘူး။ အလုပ်ရအောင်ချိတ်ဆက်ရတာ အရမ်းကိုခက်ခဲတယ်။ အဲဒီတော့ ဖြည်းဖြည်းချင်းရပ်ကုန်တယ်။”
လက်ရှိတရားဝင်စာရင်းတွေအရ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၇၅ ကျန်နေသေး ပေမဲ့ အမှန်တကယ်အလုပ်ရှာပေးနိုင်တဲ့ အေဂျင်စီက အဲဒီအရေအတွက်ရဲ့ တဝက်တောင်မရှိဘူးလို့ ဆိုပါတယ်။
အေဂျင်စီတချို့က လိုင်စင်သာရယူထားပြီး အလုပ်ရှာမပေးနိုင်ဘဲ လုပ်ငန်းအပြသဘော ကုမ္ပဏီထောင်ထားတာတွေရှိနေတယ်လို့လည်း သိရပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လက်ရှိပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ပိုမိုဆိုးရွားလာပြီး လူငယ်လူရွယ်တွေ ပြည်ပထွက်အ လုပ်လုပ်ဖို့ ပြင်ဆင်လာတာတွေ ပိုများနေပါတယ်။