Home
မြန်မာသတင်း
စဉ့်ကိုင်နှင့် မတ္တရာတွင် စစ်ကောင်စီတပ် ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
January 8, 2022

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ မီးပွိုင့်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၇ ရက် ည ၇ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ LPDF(Sintgaing) ထံက သိရပါတယ်။

မီးပွိုင့်ရှိ ရဲကင်းမှာ အထိုင်ချပြီး ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို တားဆီး စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရှိလို့ လူနာတင်ယာဉ်နှစ်စီးနဲ့ လာတင်သွားတယ်လို့ စဉ့်ကိုင်မြို့ခံတွေထံက သိရပါတယ်။

LPDF (Sintgaing) ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက “ မီးပွိုင့်မှာ၊ မနေ့က ပိတ်စစ်နေတာ၊ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်ခဲ့တော့ ငါးယောက်ကို အထိအခိုက်ရှိတယ်ဗျ၊ ငါးယောက်ကို ဖောက်ခွဲမှုလုပ်အပြီး ခဏအကြာ ဆေးရုံကားနဲ့ ချက်ချင်းလာတင်သွားတယ်ဗျ၊ သေ မသေကိုတော့ ကျနော်တို့ ဆက်လက်စုံစမ်း အတည်ပြုနေတယ်ဗျ”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် မြို့နယ်စီမံခန့်ခွဲမှုကောင်စီအဖွဲ့ဝင် အသက် ၆၀ ကျော်အရွယ်ရှိ ဦးရွှေခိုင်ရဲ့ နေအိမ်ကိုလည်း ည ၇ နာရီကျော်မှာ တချိန်တည်း ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ LPDF(Sintgaing)ထံက သိရပါတယ်။

“သူ့ကြောင့်မို့လို့ ကျနော်တို့ရဲ့ CDM ကျောင်းဆရာလေး အဖမ်းခံလိုက်ရတယ်ဗျ၊ နောက်ပြီး စဉ့်ကိုင်မြို့နယ်မှာ သူက ဒလန်အကြီးစားဗျ” လို့ LPDF(Sintgaing) တပ်ဖွဲ့ဝင်က ပြောပါတယ်။

အခုလို တိုက်ခိုက်မှုတွေဟာ စစ်အာဏာရှင်ကို ထောက်ခံနေတဲ့  ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ မြန်မာနိုင်ငံကို ရောက်ရှိနေတာကို ကန့်ကွက်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ LPDF(Sintgaing) ကဆိုပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာလည်း ဇန်နဝါရီ ၈ ရက် နေ့လယ်က ဖြတ်သန်းသွားတဲ့ စစ်ကား ၅ စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ (ပကဖ)မတ္တရာ ထံက သိရပါတယ်။

မတ္တရာ အရှေ့ပိုင်းနယ်မှ နယ်မြေရှင်းလင်းပြန်လာတဲ့ စစ်ယာဥ်တန်းကို ဒီကနေ့ မွန်းလွဲ ၁၂နာရီခွဲလောက်က  မတ္တရာမြို့နယ် ဆိပ်သာကျေးရွာအနီး မန္တလေးတူးမြောင်းပေါင်ပေါ် ရှိ ချိုင့်ကြီးပြွန်အရောက်မှာ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

မိုင်းခွဲမှုကြောင့် ကားကြီးတစ်စီး တိုက်ရိုက်ထိပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ် အတွဲလိုက်ဆွဲကာအချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။ 

"မန္တလေးကနေပြီး တပ်မ ၇၇ က ကားကြီး ၃ စီး၊ ပွိုင့်ကား ၂ စီးနဲ့ ကျနော်တို့ နယ်မြေထဲဝင်လာတယ်လေ၊ ဝင်လာပြီးတော့ သူတို့လူတွေချပြီးတော့ပြန်လာတယ်။ ပြန်လာတဲ့အခါ ကျတော့ လူတော့မပါဘူးပေါ့။ အဲ့ကားငါးစီးလုံး တန်းပြန်လာတဲ့အချိန်မှာ ဆွဲလိုက်တယ်လေ၊ ဆွဲ တယ်ဆိုတော့ ကားကြီးတစ်စီးတော့ ဒဲ့ထိမှန်တယ်"လို ဒေသခံ ပကဖတစ်ဦးက ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းဘက်က ထိခိုက်မှု အခြေအနေကို အတိအကျ မသိရသေးသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024