မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့ကျေးရွာဒေသခံအချို့ကို စစ်ကောင်စီတပ်တွေက ရေး PDF နဲ့ ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၆ ရက်က ရေးကနေ မော်လမြိုင်ဘက်လာတဲ့စစ်ယာဉ်တန်းကို ကနင်ကမော့ ကျေးရွာအနီးမှာ ရေး PDF မြောက်ပိုင်းအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို စစ်ကောင်စီတပ်တွေ ညတွင်းချင်း မသင်္ကာသူ အနည်းဆုံး ၅ ဦးလောက်ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတဦးက “ဒီရွာနားမှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်တာတော့ ကောင်းတာပေါ့။ ဒါမှမဟုတ် တဖက်နဲ့ တဖက်က စစ်ရေးတင်းမာပြီး ထပ်မံတိုက်ပွဲတွေဖြစ်လာမှာကိုလည်း စိုးရိမ်စရာ ကောင်းတယ်” လို့ ပြောပါတယ်။
ရေး PDF မြောက်ပိုင်းအဖွဲ့က စစ်ကောင်စီရဲ့ ကားတန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကာ ရေး PDF မြောက်ပိုင်းအဖွဲ့ကတော့ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေအသေးစိတ်ကို တရားဝင် သတင်းထုတ်ပြန်ပြောဆိုထားခြင်းမျိုး မရှိသေးပါဘူး။
အဆိုပါ ရေး -မော်လမြိုင် သွားကားလမ်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာနဲ့ အောင်သပြေ ကျေးရွာနားမှာ ဒီဇင်ဘာ ၇ ရက် မနက် ၈ နာရီခွဲလောက်ကလည်း စစ်ကောင်စီစစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေး - မော်လမြိုင်သွားကားလမ်းမှာ ရေးPDF နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။