Home
မြန်မာသတင်း
ဝေဘူလမြို့အနီးကို စစ်ကောင်စီတပ်ရောက်လာသဖြင့် စစ်ဘေးရှောင် ၃၀၀၀ ကျော် ပြောင်းရွှေ့
DVB
·
January 1, 2022

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဝေဘူလမြို့အနီးကို စစ်ကောင်စီတပ်တွေ   ရောက်ရှိလာတဲ့အတွက် အနီးနားမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ ထပ်မံ နေရာရွှေ့ပြောင်းနေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၃၀ ရက်မှာ ဝေဘူလမြို့အနီးကို ရောက်ရှိလာတဲ့အတွက် နောက်တနေ့ကစပြီး စစ်ဘေးရှောင်တွေအနေနဲ့   ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီတပ်တွေက ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာ ဝင်ရောက်မီးရှို့ ဖျက်ဆီးတာကြောင့် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ရေစို၊ ဟားခါးလေးနဲ့ ပါမွန်ချောင်းကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

တောင်ပေါ်ဒေသဖြစ်ပြီး အေးတဲ့ရာသီ ဖြစ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့  အအေးဒဏ်ကို အန်တုနေရပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

ဒီဒေသမှာ ဒီဇင်ဘာ ၂၃ ရက်နဲ့  ၂၆ ရက်နေ့တွေမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ  တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် ရဟတ်ယာဉ် ၃ စီးနဲ့ လက်နက်အင်အား၊ လူအင်အား ထပ်မံဖြည့်တင်းခဲ့ပါတယ်။

ဒီလိုစစ်ပွဲနဲ့ စစ်တပ်က ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြရာမှာ ရန်ကင်းဘုန်းကြီးကျောင်းအတွင်းမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင် ၃၀၀ ကျော်ကိုလည်း စစ်ကောင်စီက ဝင်ရောက်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဓားစာခံထိန်းသိမ်းထားတဲ့ စစ်ဘေးရှောင်တွေထဲက  တိုက်ပွဲထဲ ပါဝင်ခဲ့တဲ့ လူ ပါမပါ စစ်ဆေးပြီး ရွာသား ၂၅ ယောက်ကို  စစ်ဘေးရှောင်ပြည်သူအားလုံးရဲ့ရှေ့မှာ အကြောင်းမဲ့ နှိပ်စက်ညှဉ်းပန်းခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတစ်ဦးက “လူငယ်ပိုင်းနဲ့ လူလတ်ပိုင်း ယောက်ျားတွေကို အသံကျယ်ကျယ်နဲ့ စကားပြောခိုင်းတယ်၊ အသံဝင်နေရင် ညက တိုက်ပွဲမှာ ပါတဲ့လူလို့ သတ်မှတ်တယ်။ မျက်လုံးရဲနေလားလည်း စစ်တယ်၊ အရက်သောက်ထားလို့ မျက်လုံးရဲနေသူ  ၂၅ ဦးကို စစ်ရှောင်ပြည်သူတွေရဲ့ ရှေ့မှာ အကြောင်းမဲ့ နှိပ်စက်ညှဉ်းပန်းတယ်၊ ဖုန်းတွေအားလုံးကိုလည်း သိမ်းတယ်။ အိတ်ထဲစုထည့်ပြီးတော့ သက်ကြီးပိုင်းက လူတစ်ယောက်ကို သိမ်းခိုင်းတယ်။ ဘုန်းကြီးကျောင်းမှာ ရှိနေတာ သတင်းပေါက်ကြားရင် အကုန်သတ်ပစ်မယ်။ ဖုန်းသိမ်းခိုင်းဖို့ အမိန့်ပေးထားတဲ့ ဦးလေးကိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဖုန်းတွေသိမ်းထားပြီး စစ်ရှောင်တွေကို မိသားစုဝင်တွေနဲ့ အပေါင်းအသင်းတွေက ဖုန်းဆက်တော့ ဖုန်းသံတွေ ဆူညံနေလို့ဆိုပြီးတော့ သိမ်းထားတဲ့ဖုန်းတွေကို ရေထဲစိမ်တယ်၊ ဆရာတော်က တောင်းပန်လို့ ဖုန်းတွေကို အသံပိတ်ရတယ်။ ပြီးတော့ လူဦးရေ အတိအကျစာရင်းကောက်တယ်။ ဒီထက်လျော့သွားရင် ထွက်ပြေးရင် သတ်မယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အကာအကွယ်ယူခဲ့တဲ့ နေအိမ်တွေ ဆိုင်ခန်းတွေကို စစ်ကောင်စီတပ်က အုပ်စုခွဲပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဘေးအိမ်တွေကို မီးရှို့ဖျက်ဆီးတာမြင်တဲ့ ထွက်မပြေးဘဲ ကျန်ခဲ့တဲ့ အဘွားအိုကို ဝှီးချဲလက်တွန်းလှည်းပေါ်တင်ပြီး ရန်ကင်းဘုန်းကြီးကျောင်းကို ပြေးလာရာမှာ စစ်သားတချို့က တားဆီးမေးမြန်းခဲ့ရာမှာ မဖြေကြားတဲ့အတွက် လက်နောက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ခိုင်းပြီး ခေါင်းကို သေနတ်နဲ့တေ့ ပစ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

“ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာ မျက်လုံးအောက်မှာ ဟိုဘက်ဒီဘက် အပေါက်ဖြစ်သွားတယ်။ အကြမ်းဖက်တွေက အလောင်းကို တစ်ညလုံး ဒီတိုင်းထားခဲ့ကြတယ်။ ဒေါ်ဝင်းမြင့်ရီ ဝတ်ထားတဲ့ နားကပ်နဲ့ ရွှေငွေထည့်ထားတဲ့ အိတ်ကိုတော့ သူတို့ ယူသွားကြတယ်။ နောက်ရက်မနက်ကျ ချောင်းခွဘက်ကို ထိုးစစ်ဆင်ကြတယ် “လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

အဆိုပါကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဝေဘူလမြို့အနီးက စစ်ဘေးရှောင် ပြည်သူတွေဟာလည်း စစ်ကောင်စီတပ် ရောက်လာပြီဆိုတာနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024