Home
မြန်မာသတင်း
ပုလဲတွင် ဒေသခံ PDF က ဒရုန်းဖြင့် ၃ ကြိမ်ဗုံးခွဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရ
DVB
·
December 31, 2021

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒေသခံ PDF တွေက ဒရုန်းနဲ့ ၃ ကြိမ်ဗုံးခွဲတာကြောင့် စစ်သား ၃ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရသွားပါတယ်။ 

မကွေးတိုင်း၊ ယောဒေသ၊ နှမ်းခါးကျေးရွာမှာတော့ ဒီဇင်ဘာ ၁၇ ရက်နေ့၊ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ယောက် ကိုယ်ဝန်ပျက်ကျခဲ့ရတယ်လို့ ဒေသခံရွာသားတစ်ယောက်က ပြောပါတယ်။ 

ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အောင်ဆန်းတပ်ဖွဲ့နဲ့ မဟာမိတ် ပုံတောင်တိုက်ဂါးတပ်ဖွဲ့တို့က နေရာ ၃ ခုမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ယောက်သေဆုံးပြီး ၇ ယောက်ဒဏ်ရာရခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

ဂန့်ဂေါမြို့ကနေ ပုလဲ-ကန်ဒေါင့်ကို ဆင်းလာတဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ယာဉ်တန်းကို ကန်ဒေါင့်ရွာ အနောက်ဘက် သစ်တောရုံးနားမှာ မနက်ပိုင်းတစ်ကြိမ်၊ ဝမ်းဘဲချိုင့်ရွာအနီးမှာ တစ်ကြိမ်၊ ကန်ဒေါင့်ရွာ သစ်တောရုံးအနီးမှာပဲ ညနေပိုင်းနောက်ထပ်တစ်ကြိမ်၊ စုစုပေါင်း ၃ကြိမ် ဒရုန်းနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဒရုန်းပေါ်က လွှတ်ချရင်ကွဲမယ့် ကျကွဲဗုံးတွေကို ဒေသခံ PDF တွေက ကိုယ်တိုင်တီထွင် စမ်းသပ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

ပုံတောင်တိုက်ဂါးအဖွဲ့တာဝန်ရှိသူတစ်ဦးက "ဒရုန်းနဲ့လွှတ်ချရင် ကျကွဲဖြစ်မယ့် ဗုံးတွေလုပ်နေတာဗျ။ လက်ပစ်ဗုံးလိုပါပဲ။ ကုန်ကျစရိတ်က တအား အများကြီးမရှိဘူးဗျ။ တလုံးကို တစ်သောင်းဝန်းကျင်ပဲရှိမယ်။ ဒါထက်ကောင်းအောင် ကျနော်တို့လုပ်နေတယ်။ ကျလည်းကျမယ်၊ ကွဲလည်းကွဲမယ်၊ မီးလည်းလောင်မယ် အဲ့ဒါမျိုးပေါ့။ နောက်ထပ်ဆက်ပြီးတော့ ပြင်ဆင်နေတယ်ဗျ။ ကျနော်တို့အောင်မြင်တာ မကြာသေးဘူးဗျ။ ၅ ရက်လောက်ပဲရှိဦးမယ်။ စမ်းသပ်တာကတော့ ရက် ၂၀ ဝန်းကျင်လောက် ကျနော်တို့ စမ်းသပ်ခဲ့ရတယ်။ အစက အဆင်မပြေတာ၊ ဖြုတ်ချတဲ့အချိန်မှာ ပြုတ်မကျတာတို့ အခက်အခဲတွေကြုံရတယ်။ နောက်ပိုင်း လိုအပ်ချက်လေးတွေပြင်ရင်းနဲ့မှ အဆင်ပြေလာတယ်။ အဲ့ဒါကြောင့် ကျနော်တို့ လှုပ်ရှားနေတာပေါ့။ ဒရုန်းဝယ်ဖို့ လမ်းပန်းဆက်သွယ‌ေရေး အခက်အခဲရှိတယ်။ ဒရုန်းကလည်း အလေးချိန်ပမာဏ အများကြီးမနိုင်ဘူး။ ခဲယမ်းနဲ့ဗုံးသီးရဲ့ အလေးချိန်ကို တော်တော်လေးတွက်ဆပြီး လုပ်ခဲ့ရတယ်။" လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့ကနေ ကလေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလမ်းကြောင်းဟာ ညနေပိုင်းမှာ နှမ်းခါးရွာကို ထပ်မံရောက်ရှိလာပြီး အသက် ၄၆ နှစ်အရွယ်အမျိုးသားတစ်ယောက်ကို သတ်ဖြတ်မီးရှို့အလောင်းဖျောက်ခဲ့ပြီး စိတ်မနှံ့သူတစ်ဦးကို အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ နှမ်းခါးရွာသားတစ်ယောက်က ပြောပါတယ်။ 

နှမ်းခါးရွာမှာ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ ဆေးဝါးလိုအပ်ချက် ကြီးမားနေတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီက နှမ်းခါးရွာကို စားသောက်ကုန်နဲ့ဆေးဝါးတွေ သယ်ဆောင်ခွင့်မပေးဘဲ လမ်းကနေ ပစ္စည်းတွေကို သိမ်းယူနေပါတယ်။ 

ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက နှမ်းခါးရွာကို လေကြောင်းကနေ အကြမ်းဖက်ပစ်ခတ်တာကြောင့် အမျိုးသမီး ၂ ယောက် ပြေးလွှားရင်း ကိုယ်ဝန်ပျက်ကျခဲ့ရတယ်လို့လည်း နှမ်းခါးရွာသားတစ်ဦး  အတည်ပြုပါတယ်။

"အရင်တစ်ခေါက်လေယာဉ်နဲ့ပစ်တုန်းက ကိုယ်ဝန်ပျက်ကျတဲ့သူတွေတောင်ရှိတယ်။ ကိုယ်ဝန်ပျက်ကျတာ ကျနေသိတာ ၂ ယောက်ဗျ။ ကျနော်တို့က ဘာခက်ခဲနေလဲဆိုရင် ကလေးတို့ ဂန့်ဂေါတို့ကို ပစ္စည်းမှာရင် နှမ်းခါးလို့ နာမည်မတပ်ရဲဘူးဗျ။ ရေးလိုက်တာနဲ့ လမ်းမှ‌ေစစ်ပြီး သိမ်းလိုက်တာဗျ စားကုန်သောက်ကုန်တောင် တော်တော်ခက်ခဲတယ်ဗျ။ ပစ္စည်းတွေ သိမ်းတော့တာပဲ။ ဆေးဝါးတွေ ပြတ်လပ်ကုန်ပြီဗျ။ ရှိတဲ့ဆေးဝါးလေးတွေနဲ့ပဲ ကုသမှုပေးနေရတော့ မလုံလောက်ဘူးဗျ။ စစ်ရှောင် ၅ ထောင်ဝန်းကျင်ရှိတယ်ဗျ။"  

ဒီဇင်ဘာ ၃၀ ရက်နေ့မှာလည်း နှမ်းခါးရွာမြောက်ဘက် ၆ မိုင်အကွာက ရွှေဘိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၃လုံးပြိုကျ ပျက်စီးခဲ့ပါတယ်။

နှမ်းခါးရွာအနီးက အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁ ထောင်ကျော်ရှိတဲ့ စမ်းမြို့ရွာက ပြည်သူတွေဟာလည်း ရွာထဲကိုပြန်မဝင်ရဲကြသေးဘဲ အနီးနားရွာတွေက ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရပါတယ်။

နှမ်းခါးရွာမှာတော့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၅ ထောင်ကျော်ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်ကြီးမားနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024