Home
ဆောင်းပါး
တိုက်ပွဲခေါ်သံ၊ လေးကေ့ကော်နွေဦး၊ ရဲရဲနီစွေး တော်လှန်ရေးပန်းပွင့်များရဲ့ အောင်မြေ
DVB
·
December 30, 2021

ချမ်းခိုက်တုန်အောင် 

အေးတဲ့ဆောင်းဟာ

တော်လှန်သီချင်းသံနဲ့အတူ 

အသက်ဝင်လို့။

နွေဦးပန်းပွင့်ကလေးတွေက

စီရရီ။

ငါတို့နိုင်မှ ဖြစ်မယ်၊ 

မဟုတ်ဘူး။

ငါတို့ နိုင်တယ်… နိုင်ကိုနိုင်တယ်။

ငါတို့ နိုင်တယ်။

(၁)

ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၄း၀၀ နာရီ…

DKBA လက်နက်ကိုင်ထိန်းချုပ်နယ်မြေ၊ ဖလူးဘုရားကျောင်းထဲက စစ်ဘေးရှောင်ခိုလှုံရေးစခန်းမှာ အားလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြတယ်။ ဘယ်သူ ပြောလိုက်မှန်းမသိတဲ့ “ဒီဘက်ကို လာနေကြပြီ၊ အားလုံး အသင့်ပြင်ထားကြ” ဆိုတဲ့ အသံနဲ့အတူ သေနတ်ပစ်ခတ်သံတွေ နီးနီးကြားရတယ်။ 

ကျနော်က ဒီစခန်းမှာ ရောက်နေတာ ဒီနေ့နဲ့ပါဆို နှစ်ည ရှိပြီပေါ့။ ရုတ်တရက်ပဲ ဘုရားကျောင်းပေါ် ခိုလှုံနေသူတွေကြား ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ခုရက်ပိုင်း တိုက်ပွဲဖြစ်နေဆဲ ကာလတွင်း အတွေ့အကြုံတွေအရတော့ ပစ်ခတ်သံတွေဟာ အရမ်းနီးကပ်တာ မဟုတ်ဘူးလို့ ပြောနေပေမဲ့ ခဏခဏ ရှောင်ရတိမ်းရ၊ တက်သုတ်ရိုက်ပြေးလွှားနေကြရတဲ့ ဒေသခံတွေအဖို့တော့ အတော့်ကို မလွယ်ကြော။ “ပစ်ခတ်မှုဖြစ်နေတာ ဘုရားကျောင်းအနီးနားက မင်းလက်ပံရွာဘက်က ကြားတယ်” တချို့ နောက်ဘက်က ချောင်းရိုးစပ်အကြား ဆင်းပြေးဖို့လည်း ပြင်နေကြလေရဲ့။

ရန်ကုန်ကနေ စရောက်ကတည်းက အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေတွေ  လေးကေ့ကော်ဒေသမှာ ၃ ကြိမ်ထက်မနည်း ရင်ဆိုင်ရပြီးဖြစ်တဲ့အတွက် ဒီနေ့ဟာ ကျနော့်အဖို့ နောက်ဆုံးနေ့ ဖြစ်ခဲ့တယ်ဆိုရင်တောင် ဒါဟာ ဘဝမှာ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေကနေ မှတ်သိခွင့်ရလိုက်တဲ့ အမှန်တရားနဲ့ လူပီသမှုကို ထင်းထင်းလင်းလင်း သိရစေတဲ့ နေ့တစ်နေ့ပဲ ဖြစ်တယ်။

ဒီဒေသကို ရောက်လာကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတက်ကြွသူတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အားလုံးရဲ့ ရင်ထဲမှာ ပါလာပြီးသား အမြုတေဟာ ဘာနဲ့မှ ဖျောက်ဖျက်ပစ်လို့မရတဲ့ တော်လှန်တေးနဲ့ အာဏာရှင် မုန်းတီးစိတ် အခြေခံတော်လှန်မှုပဲ။ 

ညနေ ၄ နာရီဟာ ထမင်းဝေချိန်ပေါ့။ ဘုရားကျောင်းက စေတနာ့ဝန်ထမ်း လူငယ်လေးတွေ ဘာမှ မပူပန်ကြဖို့နဲ့၊ ညနေစာ လာစားကြဖို့ လိုက်နှိုးဆော်နေတာ တွေ့ရတယ်။ ဆက်တိုက် ပြေးလွှားရှောင်တိမ်းနေရတဲ့ ကျနော့်အဖို့တော့ တပ်လှန့်သံကြားကတည်းက အရေးပေါ် ကျောပိုးအိတ်တစ်လုံးကို ပြင်ထားပြီးပေါ့။ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ များတဲ့ စစ်ဘေးရှောင်စခန်းထဲက တချို့က စားလိုက်ကြပြန်တယ်။ မကြာပါဘူး၊ ပစ်ခတ်သံတွေ ဆက်တိုက်ထွက်လာပြန်တယ်။

၄း၃၀ နာရီ…

ဒုန်းဒုန်းဒိုင်းဒိုင်း အသံမျိုးမဟုတ်။ သမားရိုးကျ အသံမျိုးမဟုတ်တဲ့ ပစ်ခတ်သံတွေဟာ နီးနီးကရော၊ ဟိုးဝေးဝေးကပါ ဆက်တိုက်ကိုကြားရပြီး ဒရောသောပါး ဆင်းပြေးကြရပြီ။ မြစ်ကမ်းတစ်ဘက်ကလည်း ပစ်ခတ်သံတွေ ကြားရ၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်ခတ်သလဲ မသိရ။ လက်နက်ကြီးသံလား၊ အဝေးကလား၊ အနီးကလား၊ ဘုရားကျောင်းနောက်ဘက် မြစ်ကမ်းပါး ဟိုးအောက်ခြေ ဝါးရုံတောဘက်ဆီ အလျှိုအလျှို ဆင်းပြေးကြချိန်မှာတော့ အားလုံးဟာ တစ်သားတည်း၊ ကိုယ့်အသက်ဘေးထက် ပိုအရေးကြီးတာ မရှိပြီ။ ဆက်တိုက်ပစ်ခတ်မှုတွေကြား မြစ်တစ်ဘက်ဆီ ရရာနည်းနဲ့ ကူးဖြတ်သူတွေ ကူးကြပြီ၊ ပြန်မလှည့်တော့ပြီ။ 

ကျနော်နဲ့ ပါလာတဲ့ စစ်ရှောင်မိသားစုတွေ၊ ဒုက္ခသည်တွေထဲ အမှန်တရား ဘက်တော်သား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိဘတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ တကယ့်ကို ကူကယ်ရာမဲ့ အခြေအနေ။ ဒီလိုနဲ့ ဆက်တိုက်ပြေးလွှားနေကြရင်း ချောင်းစပ်တစ်ခုကနေ အဖြတ်၊ ကျည်ဆန်ဟာ ကျနော့်ခေါင်းပေါ်ကနေ နှစ်ချက် ဝဲသွားခဲ့တယ်။ ကံသီတဲ့ အခြေအနေမှာ လူစုကွဲသွားတဲ့ ကလေးတယောက်ကို ချီ၊ ကြောက်အားလန့်အားပြေးနေတဲ့ ခွေးမလေးတကောင်နဲ့ ကျနော်။ 

“အမိုးကို ကူပါဦး။ ဒီဘက် ဒီဘက်။” လက်တစ်စုံဟာ ရေစီးထဲက ကမ်းလျက်သား။ သောကရိပ်နဲ့ ထိတ်လန့်မှု ပေါင်းစပ်ထားတဲ့ မြင်ကွင်းဟာ လက်တကမ်းမှာ။

မျက်စိတစ်မှိတ် လျှပ်တပြက်အတွင်းမှာတင် မျက်စိတွေ မှုန်ဝေဝါးသွားပြီး ကမ်းစပ်ကလား၊ အဝေးပစ်လား မသိနိုင်ခင်မှာပဲ တဖုန်းဖုန်း ပစ်သံတွေနဲ့ ချောင်းစပ်ကနေ လမ်းသွယ်လေးတစ်ခုဆီ အတက် မနိုင်မနင်း သယ်လာတဲ့ အထုပ်တွေ ပစ်ချ၊ ဝမ်းလျားမှောက်ချ၊ အသက်လုပြေးခဲ့ရ။

ခဏအကြာမှာတော့ လမ်းမပေါ်မှာ ဗိုလ်စလုံးစခန်းထိပ်ဆီ ခေါ်ဆောင်သွားမယ့် တက်ကြွတဲ့ ကူညီတတ်တဲ့ ရဲဘော်တွေ အသင့်စောင့်နေကြတယ်။ စခန်းထိပ်ဆီရောက်တော့ ဟိုဘက်ကမ်း ထိုင်းနိုင်ငံဆီ ကူးမလား၊ ဒီဘက်မှာပဲ နေခဲ့မလား ဆိုတာကတော့ ဆုံးဖြတ်ရတော့မယ်။ ကိုယ့်နိုင်ငံတွင်းက အာဏာရူးတစ်စုကြောင့် တိုက်ပွဲတွေကြား အသက်အိုး အိမ်စည်းစိမ်စွန့်ခွာ ထွက်ပြေးရမယ် ဆိုတာဟာ တကယ့်စွန့်စားမှုတစ်ခုပဲ။ အော်သံဟစ်သံ ဆူညံသံတွေနဲ့အတူ ဟိုဘက်ကူးသူကူး၊ ကမ်းစပ်တလျှောက် ခိုတွယ်ကျန်ရစ်သူတွေနဲ့ တကယ့်အမှောင်ထဲက ဒုက္ခတွေ။

ကျနော်ကတော့ ဒီနယ်မြေဆီရောက်လာကတည်းက အကူအညီတွေပေးနေခဲ့တဲ့ ကေအန်ယူရဲဘော်တွေရဲ့ အကူအညီနဲ့ ဖလူးအောက်ဘက် သောင်ရင်းမြစ်ကမ်းဆီဦးတတည်လို့ စစ်ဘေးရှောင်တွေနဲ့ ရောက်ရှိခဲ့ပြန်ပေါ့။ ည ၇ နာရီခွဲလောက်မှာ ခေတ္တဘေးကင်းလုံခြုံရတယ်လို့ ယူဆရတဲ့ နေရာလေးဆီ တညတာ အိပ်မပျော်မှုတွေနဲ့။

(၂)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက အချိန်ဆယ်လတာ ကာလအတွင်း ရန်ကုန်အခြေစိုက် သတင်းထောက်အနေနဲ့ ဆက်လက်လုပ်ကိုင်နေခဲ့ပြီး ၆ ကြိမ်တိတိ ဘေးကင်းလုံခြုံရာ ပြောင်းရွှေ့နေထိုင်ရတဲ့သူ တယောက်အဖို့ “နေရပ်စွန့်ခွာ”၊ “မိဝေးဖဝေး”ဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ခပ်ပါးပါး သိနားလည်သယောင်နဲ့ ခုတစ်ကြိမ်ကတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့အတူ တကယ့်ကို နင့်နင့်သည်းသည်း ခံစား နားလည်နိုင်ခဲ့ပြီပဲ။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် ပျောက်ဆုံးနေတဲ့ အာဏာသိမ်းကာလ မြန်မာနိုင်ငံမှာ သတင်းသမားတွေအဖို့ တကယ့်ကို ကျပ်တည်းခက်ခဲ စိန်ခေါ်မှုများတဲ့ အခြေအနေလို့ ဆိုရမယ်။ အကြောင်းမတိုက်ဆိုင်လို့ ကိုယ့်ဆီ ရောက်မလာသေးဘူးလို့ ထင်ထားတဲ့ အခြေအနေဟာ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းသပိတ်ကို အကြမ်းဖက်စစ်ကောင်စီက ကားနဲ့ တိုက်သတ် ဖြိုခွင်းမှုအပြီးမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တော့တယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လူငယ်တစ်စုကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့တဲ့သူတွေ၊ အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘာကိုမှ မှုနေလိမ့်မှာ မဟုတ်ကြောင်းကို ကျနော် နေထိုင်ရာ အိမ်ကို နှစ်ကြိမ်လာရှာ ဝင်မွှေ ဖျက်ဆီးပြီး ပိုင်ဆိုင်တဲ့ ငွေသား၊ ကွန်ပျူတာ၊ ကင်မရာတွေကို ယူဆောင်သွားမှုကနေ စတင်တယ်။

နောင်ယောင်ခံလိုက်တာက လေး ငါးကြိမ်မက၊ မြို့နယ်အလိုက် သပိတ်တွေမှာ ပါဝင်ခဲ့တဲ့ သတင်းဆက်စပ်မှုနဲ့ အိမ်အခန်းရှေ့ နာမည်နဲ့တကွ လာခဲ့ချိန်မှာ ရွေးချယ်စရာဟာ လေးကေ့ကော်ဆီ ခိုလှုံဖို့ပဲ ဖြစ်လာတော့တယ်။

ဒီလိုနဲ့ ဒီဇင်ဘာ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နေ့ကျတော့ အခြေအနေတွေဟာ နည်းနည်းတင်းမာနေတာ ခံစားမိတယ်။ မြို့တွင်းလမ်းတွေထဲ လက်နက်ပြည့် ဝတ်စုံပြည့် ကင်းလှည့်လည်နေကြ၊ အစည်းအဝေးတွေ ခေါ်ကြနဲ့ ၁၄ ရက်နေ့ကတော့ ရုတ်တရက် ပြောင်းလဲသွားခဲ့တော့တယ်။ အကြမ်းဖက် စစ်ကောင်စီတပ်တွေ ရပ်ကွက်တွေထဲ ရုတ်တရက် ဝင်စစ်ဆေးတယ်။ တက်ကြွလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေကို ဦးတည်ဖမ်းဆီးမယ့် အစီအစဉ်နဲ့ မွှေနှောက်ရှာဖွေမှုမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ လူပေါင်း ၃၀ လောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ ကြားရတယ်။ စစ်ကောင်စီကတော့  လေးကေ့ကော်မှာ  ၂၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ နောက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ 

လေးကေ့ကော်… ငြိမ်းချမ်းရေးမြို့..

ဒီမြို့လေးက ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ။

ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ခဲ့တဲ့ လေးကေ့ကော်မှာ လူဦးရေ ၃၀၀၀ လောက် နေထိုင်ကြပြီး ဒေသတွင်းမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်တွေ အဓိကလှုပ်ရှားပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နဲ့ အာဏာသိမ်းစစ်တပ်တွေလည်း လှုပ်ရှားနေတာရှိတယ်။

လူပေါင်း ၃၀ လောက်ကို  ဖမ်းဆီးသွားခဲ့တာနဲ့ ပတ်သက်ပြီး တိမ်းရှောင်နေသူ CDM အရာရှိ တယောက်က “ကျနော်တို့က ယုံကြည်လို့ နာမည်၊ လိပ်စာ၊ ရာထူး အသေးစိတ်အကုန်လုံး သူတို့ကို ပေးထားခဲ့တာ။ ခုလိုမျိုး ဖြစ်လာတာကိုတော့ နည်းနည်းတော့ စိတ်ပျက်မိတယ်” လို့ ဆိုတယ်။

တကယ်တမ်းကတော့ လေးကေ့ကော်မြို့ထဲ ဝင်ခွင့်ပေးတာနဲ့ စစ်ဆေးခွင့်ပေးတဲ့အပေါ် မေးခွန်းထုတ်စရာတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီမြို့ဟာ နှစ်ဖက်အတူလက်မှတ်ထိုး တည်ထောင်ထားတဲ့ ငြိမ်းချမ်းရေးမြို့လို့ ထောက်ပြနိုင်တယ်။ 

တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ သတင်းပေးတွေ၊ ဒလန်တွေလည်း ဒီမြို့လေးမှာ လာရောက်နေနိုင်တာဖြစ်ပြီး အခုလိုဖမ်းဆီးမှုမှာ နေအိမ်နံပတ် နာမည်အတိအကျနဲ့ လာဖမ်းတာလို့ ကေအန်ယူ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီကတော့ ဒီမြို့လေးမှာ  PDF တွေရှိနေတယ်၊ လက်နက်စီးဆင်းရာ လမ်းကြောင်းတခုဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့  အခုလို ဝင်ရောက်ရှာဖွေ ဖမ်းဆီးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာပဲ မဟုတ်လား။

ဘာဆက်ဖြစ်မယ် မမှန်းဆနိုင်တဲ့ အခြေအနေမှာ ကေအန်ယူ တာဝန်ရှိသူတယောက်က “တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အထွေအထူးတော့ ပြောဖို့မရှိဘူး။ ဒီလိုဖြစ်လာမှာလည်း ကြိုသိထားပြီးသား။ အကြောင်းရင်းကလည်း ရှင်းတယ်။ အဖွဲ့အစည်းအနေနဲ့ ထုတ်ပြန်သွားမှာပါ” လို့ ပြောတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေချိန် ဘုမသိ ဘမသိ ဒီနယ်မြေထဲ အစိမ်းသက်သက် ရောက်လာခဲ့တဲ့ ကျနော့်ကို ခေတ္တခိုလှုံနေထိုင်ရာ အိမ်ကနေ ထီးမယ်ဝါးခီးရွာထဲက လုံခြုံတဲ့ အိမ်တစ်လုံးဆီ ပို့ထားခဲ့တယ်။ ကျနော် ရောက်တဲ့အချိန်မှာ တော်လှန်ရေးရဲဘော် နှစ်ယောက် ရှိနေတယ်။ ဖော်ဖော်ရွေရွေပဲ ကြိုဆိုကြတယ်။ ဘယ်ကလာလာ အားလုံးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တော်လှန်ဖို့ ဖြစ်တယ်လို့ ရှေ့က ရောက်နှင့်နေတဲ့ လူတယောက်က ပြောတယ်။

ဒါ့အပြင် ဟန်းနီးမွန်း တော်လှန်ရေးစုံတွဲတစ်တွဲရယ်၊ သားတွေ PDF ထဲ ဝင်လာလို့ ပူပန်စိတ်နဲ့ နောက်က လိုက်လာကြတဲ့ အပူပင်လွန်နေကြတဲ့ မိသားစုဝင်တွေ၊ ရှေးဦးတော်လှန်ရေးကတည်းက ပါဝင်နေကြသူတွေ လူငယ်တွေ အကြောင်းဟာ အားတက်စရာတွေလို့ ခုလိုအချိန်ကြီးထဲ တွေးမိရတယ်။ တခါ ညမိုးချုပ်မှ ထပ်လာဖမ်းမှာ စိုးရိမ်စိတ်နဲ့ တချို့က တောင်ပေါ်စခန်းဆီ တက်သူ တက်ရဲ့၊ နေရာ ပြောင်းလား ပြောင်းရဲ့နဲ့ ကျနော်ကတော့ အဲဒီမှာ တစ်ညတာ ပုန်းခိုခဲ့ရပြန်တာပေါ့။

(၃)

ဒီဇင်ဘာ ၁၅ ရက်၊ မနက် ၉ နာရီ…

ထီးမယ်ဝါးခီးရွာကနေ  မနက်စောစောမှ လေးကေ့ကော် နားခိုရာအိမ် ပြန်ရောက်ခဲ့၊ ခဏနား၊ အဝတ်လဲပြီး သိပ်မကြာခင်မှာပဲ အရေးပေါ်မို့ အသင့်ပြင်ထားဖို့ လာပြော၊ တပ်ထိပ်ကင်းဆီ ရောက်ခဲ့ပြန်တယ်။

PDF ကလေးတွေ စိတ်ပူကြလို့ လာစောင့်ကြတဲ့ မိဘတွေရဲ့ အပူနဲ့ ဆန့်ကျင်ရာ လူငယ်လေးတွေရဲ့ မျက်နှာမှာ တက်ကြွမှုအပြည့် နုနုငယ်ငယ်လေးတွေ မြင်ရတာ ဝမ်းနည်းဝမ်းသာ။ ဘာမှန်း ပြောမရတဲ့ ခံစားချက်။

အဲဒီအချိန်မှာပဲ ပထမဆုံး အဝေးက ပစ်လွှတ်တဲ့ လက်နက်ကြီးသံတွေနဲ့ ကင်းတပ် မြောင်းလျှိုထဲ ပြေးဆင်းဝပ်နေကြရတယ်။ 

ဆက်တိုက်ပစ်နေကြရာကနေ နေ့လယ် ၁၂း၁၅ နာရီမှာတော့ ခဏရပ်သွားခဲ့ပြီး ညနေမစောင်းခင်မှာ မယ်ဝါးခီးဘုရားကျောင်းဆီ ရွှေ့ကြရပြီ။ ၆း၁၅ နာရီမှာတော့ ပြန်ပစ်ခတ်သံတွေနဲ့ ကျနော့်ရဲ့ ဒီအတွေ့အကြုံဟာ စကားတစ်ခွန်းနဲ့ ခပ်ငွေ့ငွေ့သာကျန်။

“ပြည်မက လာခိုလှုံတဲ့သူတွေကို လက်ခံမထားဘူးဆိုရင် ကျနော်တို့ (ဒေသခံရွာသားတွေ) ခုလိုလည်း ပြေးကြရမှာ မဟုတ်ဘူး။”

ဒေသခံတွေရဲ့ ခံစားချက်အသံထဲကလာတဲ့ ဒီစကားဟာ ရုတ်တရက်တော့ တနိုင်ငံလုံး တော်လှန်နေချိန်မှာ တမျိုးတမည် ထင်စရာရှိနေပေမယ့် အချိန်တန် ဖုတ်ဖက်ခါ ထွက်သွားကြမယ့် သူတွေထက် သူတို့ကသာ ပိုထိခိုက်ဆုံးရှုံးကြရတာဆိုတာလည်း တစ်ဘက်မှာ တော့ မှန်နေတာပေါ့။

“တနိုင်ငံလုံး ခုလို ဖြစ်နေချိန်မှာတော့ အကုန်လုံး အတူတူပဲ ဆက်ပြီးတော့ တွန်းလှန်ကြရမှာပေါ့” ဆိုတဲ့ နောက်ဆက်တွဲစကားမှာတော့ စိတ်ထဲက လေးစားသွားမိတယ်။

ခုချိန်ထိလည်း ဘုရားကျောင်းထဲက လသာသာကွင်းပြင်ထဲ လက်နက်ကြီးသံတွေဟာ တစ်ညလုံးလိုလို ကြားနေရပြီး တချို့ကလည်း လျှိုထဲ ဆင်းဖို့ပြင်နေသူတွေ ရှိသလို၊ ဝါးရုံတွေကြား ဟိုတစု ဒီတစု မအိပ်နိုင်ကြဘဲ ရှိနေသလို လှမ်းကြည့်လိုက်ရင် မယ်ထော်သလေးဘက်လို့ ယူဆရတဲ့နေရာမှာ မီးတွေ တောမီးတွေကျလို့။

သိပ်မကြာခင်မှာပဲ ရုတ်ရုတ်သဲသဲ ဖြစ်လာပြန်တယ်။ ဘုရားကျောင်းထဲပဲ ပစ်တော့မလို၊ ပြေးကြ လွှားကြနဲ့ ခဏငြိမ်သက်သွားကြပြီး အဆောင်လေးတစ်ခု ကံကောင်းစွာရ။ အဲဒီမှာပဲ တစ်ညတာ အိပ်မပျော်ဘဲ ဖြတ်သန်းရပြန်တယ်။

(၄)

ဒီဇင်ဘာ ၁၆ ရက် မနက် ၇း၁၅ နာရီ

ဘုရားကျောင်းထဲ အနွေးထည်လာလှူသူတွေ ၊ သတင်းသမားတချို့လည်း တွေ့ရဲ့။ ကားပေါ်ကနေ ကင်မရာနဲ့ လှမ်းချိန်ထားကြလို့ တချို့က စစ်ဘေးရှောင်တွေက သွားမယူချင်ကြတော့။ လိုအပ်တဲ့နေရာ လှူကြတန်းကြတယ် ဆိုရာဝယ် ကိုယ်ရေးလုံခြုံမှု ကျင့်ဝတ်မသိ ဓာတ်ပုံရိုက်၊ လူမှုကွန်ရက်ပေါ် ရောက်သွားမယ့် အရေးဟာ စစ်ဘေးရှောင်တွေထဲထိ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်လာနေတယ်။ သတင်းတွေထဲ ငါတို့ ရှောင်နေရတဲ့ နေရာ၊ ပုံတွေပါသွားရင် မလုံခြုံတော့ဘူးလို့ ပြောနေကြတော့တယ်။

စစ်ဘေးရှောင်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာ ငြင်းမရတဲ့ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေ စတဲ့ အရာတွေဟာ အတော်လေးကို ကသီလင်တနိုင်သလို တစ်ရွာနဲ့ တစ်ရွာ ကူးလူးဖို့ မလွယ်ကူ၊ အဖြစ်သာ ဖွင့်ထားရတဲ့ ဈေးဆိုင်ငယ်လေးတွေဟာလည်း မလုံခြုံတော့တဲ့ အခြေအနေမှာ ပျောက်ကုန်ပြီ။

မနက် ၉ နာရီခွဲလောက်မှာ ပစ်ကြ ခတ်ကြပြန်ပြီ။ နောင်တစ်အိမ် ထပ်ရွှေ့ရ၊ ဘေးလွတ်ရာ လျှိုကြီးထဲ အလုအယက် ပြေးပုန်းကြရပြန်နဲ့ ရက်ပိုင်းအတွင်း ဒဏ်နဲ့တင် ညနေစောင်းတော့ လူက ဖျားချင်ချင်။

တစ်ခါ Emergency နဲ့ ဒဏ်ရာရလာတဲ့သူတွေ ခေါ်လာကြတာ တွေ့ရတယ်။ AB သွေးလို တယ်ဆိုလို့ B သွေးဖြစ်တဲ့ ကျနော်က မကူနိုင်ခဲ့။ သွေးအကူလိုတာတွေ အော်ပြီး အကူအညီတောင်းကြ၊ တနိုင်ငံလုံးနဲ့အတူ မေတ္တာပို့သံတွေ စီညံလို့။ စစ်ခွေးအယောက် ၃၀ အတုံးအရုံး၊ မောင်မင်းကြီးသား PDF ကလေးတွေ ကျန်းမာလို့ တိုက်တိုင်းအောင်ပါစေတဲ့။

ခုညကတော့ ထမင်းမလွတ်တော့ဘဲ ထောက်ပို့က ရတဲ့ ရိက္ခာနဲ့ တစ်နပ်ပြီးခဲ့ပေါ့။ ညကျ ထီးမယ်ဝါးခီး အိမ်အရောက် ဆေးတစ်လုံးသောက် အားယူ။

( ၅ )

ရက်ပိုင်းအတွင်း ပြောင်းလဲသွားကြတာတွေထဲမှာ လေးကေ့ကော်တမြို့လုံးလည်း လူတွေ မရှိတော့ဘူးတဲ့။သတင်းတွေလည်း အမျိူးမျိုးကြားရ၊ မြန်မာကနေ ထိုင်းဘက်ခြမ်း ကူးသွားတဲ့ ထောင်ချီ စစ်ဘေးရှောင်တွေ  အခက်အခဲကြုံရ၊ မယ်လဒုက္ခသည်စခန်းတွင်းက ပဋိပက္ခတွေလည်း ကြားရ၊ မြဝတီ ကော့ကရိတ်ဘက်ဆီ စစ်မီးဟာ ခဏချင်းတွင်း ကူးစက်သွားသလို ရှမ်းပြည်နယ် အရှေ့ပိုင်းက ကိုးကန့်တပ်တွေနဲ့ စစ်ပွဲသတင်းဟာလည်း တချိန်တည်း တပြိုင်တည်းလိုပဲ။

ချက်ပြုတ်ပြင်ဆင် ခဏနားပြီး စားနေတုန်းမှာပဲ အခြေအနေတစ်ခုကြောင့် ဖလူးကို ရွှေ့ကြရမယ်ဆိုပြီး ပြောလာလို့ ကေအန်ယူ ကားတွေအသီးသီးနဲ့ ဖုန်တွေအလိမ်းလိမ်း လမ်းပေါ် ခရီးနှင်ရပြန်တယ်။ 

မကြာခင် ဖလူးကြီးကို ရောက်တော့ ကြိုရောက်နှင့်နေဆဲ စစ်ရှောင်တွေ တက်ကြွလှုပ်ရှားသူတွေ ဒေသခံတွေ ရွာထဲက စာသင်ကျောင်းနဲ့ အိမ်တွေမှာ အပြည့်ပဲ။ ဒါကြောင့်မို့ ဘုရားကျောင်းဆီ ခရီးနှင်တော့ စာရင်းလာကောက် နေရာချထားတာတွေ စတင်တယ်။ 

ကားတွေ တစ်စီးပြီးတစ်စီး၊ ထိုင်းဘက် ခိုလှုံဖို့ ခေါ်သွားကြတာတွေ့ပေမယ့် လက်ရှိမှာ အခြေအနေ မသိရ၊ အဆင်မပြေတာတွေလည်း ကြားနေရတာမို့ ခဏဆက်ရှောင်နေဖို့ ဆုံးဖြတ်ချိန်မှာပဲ ဒေသခံရွာသားတွေကလွဲပြီး ကျန်တဲ့သူတွေအနေနဲ့ ထိုင်းဘက် ဆက်မသွားရင် ဘုရားကျောင်းမှာလည်း ဆက်လက်မခံထားနိုင်ဘူးလို့ ပြောလာတယ်။ 

ဒါကြောင့် ကေအန်ယူက လာခေါ်တဲ့ ကားတွေနဲ့ ပြန်လိုက်လာခဲ့ပြီး တော်လှန်ရေးထဲက အိမ်ဆီ ပြန်ရောက်ရပြန်တယ်။ တမြို့လုံး မီးပြတ်သလား၊ ဖြတ်သလား မသိနိုင်တဲ့ အခြေအနေမှာ အဆက်အသွယ်မပြတ်ဖို့ ဆုတောင်းရင်း ရင်တမမနဲ့ ရှိနေရ။

ရေလာနေပြီ။ ကျန်တဲ့ ထမင်း ဟင်း နည်းနည်းစား၊ လေးရက်ကြာ မချိုးရတဲ့ ရေချိုးခေါင်း လျှော် လုပ်ရ၊ ခါး ခဏဆန့်ရတယ်။ အ‌ခြေအနေတွေကိုတော့ နားစွင့်နေရတုန်းပဲ။

ည ၇း၁၅ နာရီ

တစ်ညလုံးကတော့  ဘဝတူ စစ်ဘေးရှောင်တွေရဲ့ သံစုံ ဟောက်သံတွေနဲ့ ဖြတ်သန်းရတဲ့ည။ 

( ၆ )

ဒီဇင်ဘာ ၁၈ ရက်…

မနက်အထိ ရှေ့တန်းထောက်ပံ့ချက်ပြုတ်ရေးအဖွဲ့ရဲ့ ဆူဆူညံညံအသံတွေနဲ့ နိုးထရတဲ့ မနက်ခင်း။ 

ဘာလာမလဲ မသိနိုင်တဲ့ ခံစားမှုတချို့နဲ့ လှုပ်ရှားနေကြ၊ ကရင်တော်လှန်ရေး သီချင်းသံတွေဟာလည်း စိတ်အားတက်ကြွဖွယ်ပေါ့။ 

နေ့လယ်ပိုင်းကျတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူမယ်ပြောလို့ ကေအန်ယူ ကားတန်းကြီးနဲ့ နေ့လယ် ၂ နာရီ ဖလူးက ဘုရားကျောင်းဆီ တကျော့ပြန် ရောက်ရှိ။ 

အရင်နေ့ကထက်တော့ လူတွေ နည်းသွား၊ ဒီတစ်ခါတော့ ဘာလာမယ်မသိ ထပ်စောင့်ရပြန်၊ မနေ့ကလို ကားကြီး ကားငယ် အသွယ်သွယ်နဲ့ လာခေါ်တာမျိုးတော့ မတွေ့ရ၊ ဘုရားကျောင်းထဲက ကလေးကစားကွင်းထဲလည်း ဘာမှမသိသေးတဲ့ ကလေးတွေ ပျော်လို့ အော်လို့ပေါ့။ 

ညနေ ၄ နာရီလောက်မှာတော့ ဘုရားကျောင်းက ထမင်းသွားတိုးရတယ် diet လုပ်စရာမလိုတဲ့ ဟင်းတွေလို့ အမောကြား အပျော်ပြောရတယ်။ 

ဘုရားကျောင်းထဲက စစ်ရှောင်တွေထဲမှာ မျောက်မလေးတကောင် တွေ့တော့ ဒေသခံ ကောင်မလေးတယောက် မွေးထားတဲ့ မျောက်မလေး ဖြစ်နေတယ်။ တခုခုဖြစ်ရင် ဝက်တွေ၊ နွားတွေ ဆိတ်တွေကအစ လုံခြုံအောင်ပြင်ဆင်ပေမယ့် အမြဲတမ်းတော့ မပြေနိုင်ဘူးလို့ သူက ပြောတယ်။

၅း၃၅ နာရီ…

လေယာဉ်တွေ မြို့ပေါ်ဝဲနေပြီဆိုတဲ့ အသံတွေကြား စိုးတထိတ်ထိတ်နဲ့။ အိပ်ရာဝင်ဖို့ ပြင်ရတဲ့ နေရာဟာ မိုးရိပ်ဆင်နေတဲ့ကြားက အောက်ခံမြက်ခင်းပေါ် တာလပတ်ခင်းအပေါ် အမိုးအကာသာ ပါတဲ့ ဘုရားကျောင်း‌နောက်ဘက်က ယာယီပြင်ပေးထားတဲ့ နေရာတခု။

ဒီလိုနဲ့ မှောင်ရီရီည လမသာနိုင်သေးခင်မှာပဲ မရေမရာ ခရီးဆက် တစ်ညနှင်ရတယ်။

ညနေ ၆ နာရီမှာ စစ်ဘေးရှောင်သူတွေရှိတဲ့နေရာမှာ ဘုရားကျောင်းက ဆုတောင်းသံတွေနဲ့ ငြိမ်းချမ်းခြင်း ဆုတောင်းသံတွေ ကရင်ဘာသာနဲ့ ရွတ်ဆိုကြတာ ဘေးဒုက္ခကြားက ကြည်နူးရသလို စိတ်မကောင်းလည်း ဖြစ်ရတယ်။

ခုရက်ပိုင်းအတွင်း ရှောင်တိမ်းပြေးရင်း မျက်မှန်းတန်းမိရသူတွေ တွေ့လာရတဲ့ထဲ လေးကေ့ကော်ကရော အနီးနားရွာတွေက ကရင်လူမျိုးအများစု ပြန်တွေ့ရတယ်။ မျှော်လင့်ချက် အရောင်မှိန်မှိန်နဲ့ သူတို့မျက်နှာတွေပေါ် အတိုင်းသား မြင်နေရတဲ့ ရိုးသားမှုတွေဟာ တကယ့် ဆို့နင့်စရာ။

တူညီတဲ့ တော်လှန်မှုဆိုရင်တောင် ပြည်မက လာတဲ့သူတွေကြောင့် ခုလိုဖြစ်ရတယ် ဆိုရင်လည်း ဒါဟာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အရေးအခင်းမှန်း သိနေကြလေရဲ့။ 

ဟိုဘက်ကမ်းကူးမယ့် အခြေအနေကိုလည်း လက်မခံချင်ကြဘူး။ ရုတ်တရက်ပဲ သတိပေးချက် ထွက်လာပြန်တယ်။

ည ၉ နာရီက ၂ နာရီထိ စစ်လေယာဉ်ဝဲမယ်ဆိုပြီး သတိပေးလာလို့ နိုးနိုးကြားကြားနေကြဖို့ ပြောလို့ အားလုံး ထိတ်လန့်ရပြန်တယ်။

ဒီဇင်ဘာ ၁၉ ရက်…

မနက်ခင်းဟာ ထိတ်လန့်မှု အိပ်မပျော်မှုတွေနဲ့အတူ အသက်ဝင်လာ။

စားဖိုဆောင်က ချက်ပြုတ်ပြင်ဆင်ရတာတွေနဲ့ ကလေးတွေ ကျေးငှက်တွေ စီစီညံညံနဲ့ နိုးထလာတယ်။ ဘုရားကျောင်းနောက်ဘက်က ချောင်းစပ်က ရေစီးသံတွေပါ ကြားရတယ်။ တစ်ညလုံးကတော့ နှင်းခဲတဲ့အချိန် ကွင်းပြင်ထဲက အမှတ်တရညပေါ့။

ထုံးစံအတိုင်း မနက် ၈ နာရီကနေ ၁၀ နာရီထိ အသီးအရွက်စုံနဲ့ မနက်စာ သွားတန်းစီ။ နေ့လယ် ၁၂ ထိ အဆင်ချောချောဖြတ်သန်းခဲ့။

( ၇ )

ဒီဇင်ဘာ ၂၀ ရက်…

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဆိုးဝါးပြင်းထန်တဲ့ လူသတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ လေးကေ့ကော်ဒေသထဲမှာ အချိန်မရွေး ပြုလုပ်လာနိုင်တဲ့အတွက် ကုလသမဂ္ဂက ဦးစီးပြီး အရေးပေါ် အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့  KNU က တောင်းဆိုလိုက်တဲ့ သတင်း ဖတ်ရတယ်။

ဒီဇင်ဘာ ၂၁ ရက်…

ဒီနယ်မြေထဲ ရောက်တာ သီတင်းနှစ်ပတ်နီးပါး ရှိလာပြီ။ မတူညီကြတဲ့ လူတွေရဲ့ နောက်ခံတွေနဲ့ အခက်အခဲတွေကြား ရှင်သန်နေကြရ။ ကျနော့်အနေနဲ့တော့ ရှေ့တန်းထွက် သင်တန်းတက် လက်နက်ကိုင် တိုက်နိုင်တာလည်း မရှိတာမို့ နောက်တန်းက ထောက်ပို့တပ်မှာ ကူညီနိုင်တာ ကူညီရင်း စစ်ဘေးရှောင်တွေနဲ့အတူသာ လိုက်ပါနေရတယ်။

သောင်ရင်းမြစ်ကမ်းဘေးက ကပ်လျက် ချိုင့်ထဲက ဝါးရုံတောထဲက စခန်းဟာ တဖြည်းဖြည်းနဲ့ လူဦးရေ ၃၀၀ နီးပါးလောက် ရှိလာခဲ့ပြီ။ အကုန်လုံးဆိုရင် ထိုင်းဘက်ကို ထောင်ချီ ထွက်ပြေးတိမ်းရှောင်၊ ဒီဘက်ကမ်းမှာလည်း ဟိုတစ်စု ဒီတစ်စုနဲ့ သုံးလေးထောင်တော့ ရှိ နေမှာ။

မနက်က လက်နက်ကြီးသံတစ်ချက်ကလွဲ ဘာမှထပ်မကြားရ။

တိုက်ပွဲက မဲထော်သလေး ရွှေ့သွားချိန် ကျနော်တို့ကတော့ ဖလူးလေးမှာ ၃ ရက်မြောက်နေ့ပေါ့။ စုဆောင်းရရှိသမျှ အသီးအရွက်တွေ ချက်ကြပြုတ်ကြနဲ့ ဆက်လက် ရှင်သန်လှုပ်ရှားနေကြ။

ဒီဇင်ဘာ ၂၂ ရက်…

ဒီဇင်ဘာ ၂၃ ရက်…

ည ၁၀း၃၀ နာရီ…

လေကြောင်းတိုက်ခိုက်မှု ကြုံရ။ ညအမှောင်ထဲ ရဟတ်ယာဉ် ၂ စင်း ပျံသွားတာတွေ့ရ၊ သတင်းတွေ တက်လာပြန်ပြီ၊ စစ်ရှောင်တွေကတော့ သူတို့ရှိတဲ့နေရာအတိအကျကို လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေမှာဖော်ပြခံရမှာ စိုးရိမ်စိတ်ပူကြ။

လေးကေ့ကော်နဲ့ အနီးနား ကျေးရွာတွေက ထိခိုက်ပျက်စီးမှုတွေကိုလည်း တဆင့်ပြန်ကြားနေရ။

ဒီဇင်ဘာ ၂၄ ရက်…

ခရစ္စမတ်အကြိုနေ့ဟာ ထင်သလောက်တော့ မလှပနိုင်ခဲ့။ 

ညက လေကြောင်းတိုက်ခိုက်မှုကြောင့် အားလုံး စိုးရိမ်မကင်းဖြစ်နေကြချိန်မှာ ကျနော်တို့ ရှိတဲ့ စခန်းဆီ ထပ်မံခိုလှုံလာသူတွေ ညနေစောင်းမှာ ထပ်မံရောက်ရှိလာခဲ့ကြ။

တွေးကြ ပူကြ၊ သတင်းတွေ တက်လာချိန် ကေအန်ယူ တပ်မဟာ ၆ ထီးမယ်ဝါးခီး ကင်းစခန်းအခြေ အနေကိုလည်း ထောက်လှမ်းကြရပြန်။ ငါတို့ ကျသွားလို့ မဖြစ်ဘူး။ ငါတို့မှာ ငါတို့ပဲ ရှိတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး။

ရှေ့တန်းထွက်ခွင့်ပေးဖို့ PDF တွေ ဆန္ဒပြတောင်းဆိုကြတဲ့အကြောင်း သုံး လေးခါ ကြားရတယ်။ ဒါဟာ ဒီစစ်အာဏာရှင်စနစ်ကို ဘယ်လောက်ထိ ရွံမုန်းပြီး အမြစ်ပြတ် ချေမှုန်းချင်နေကြောင်း သက်သေပဲ။ ဒီတစ်ခါ မနိုင်ရင်ဆိုတာကို မရှိစေရဘူး။ အစတည်းက ငါတို့ နိုင်ပြီးသား။

( ၈ )

ဒီဇင်ဘာ ၂၅ ရက်…

“အခက်အခဲတွေထဲမှာ ကျနော်တို့ဆီ လက်နက်တွေ ရောက်လာဖို့လည်း တချက်အနေနဲ့ ပါနေတယ်။ ကျနော်ကတော့ ကလေးတွေကို လေ့ကျင့်ပေးတိုင်း ဒီကိုလာတာ တော်လှန်ရေးမှာ နိုင်တဲ့ဝန်ထမ်း ပါဝင်နေကြတာပဲ။ တချိန်မှာတော့ အောင်မြင်မှုနဲ့အတူ ပြန်ရမယ်။ ဒါပေမဲ့ အမြစ်ပြတ် ချေမှုန်းချင်တဲ့ သူတို့ စိတ်အားထက်သန်မှုတွေကိုလည်း အသိအမှတ်ပြုရတယ်”လို့ PDF တွေကို လေ့ကျင့်ပေးနေတဲ့ အကြီးအကဲတယောက်က ပြောတယ်။

တဖြည်းဖြည်း တင်းမာလာတဲ့ အခြေအနေတွေထဲ မြန်မာဘက်က ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံထဲ လက်နက်ကြီးကျည် ကျရောက်လို့ ကင်းလှည့်တပ်ဖွဲ့တွေဟာ နယ်စပ်တလျှောက် လှည့်လည်နေကြတာတွေလည်း တွေ့ရတယ်။

ညပိုင်းမှာတော့ လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင် ပြည်သူလူထုတွေနဲ့ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်ရဲဘက်၊ တပ်မှူးတပ်သားတွေအတွက် ခရစ္စမတ်အထူးဆုတောင်းပွဲ အစီအစဉ်တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး  ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ပဒိုစောလှထွန်း တက်ရောက်ခဲ့တယ်။

နွေဦးတော်လှန်ရေးကာလဟာ ၁၁ လ ပြည့်မြောက်တော့မယ်။ လေးကေ့ကော် အပါအဝင် နိုင်ငံတဝန်း တိုက်ပွဲဝင်နေကြတဲ့ တိုင်းပြည်မြို့ရွာအနှံ့ “တရားသောစစ် အောင်မြင်ပါစေ၊ စစ်ဘေးရှောင်တွေ ဘေးကင်းပါစေ၊ တော်လှန်ရေး အမြန်ဆုံး အောင်မြင်ပါစေ”။

ဒါတို့ပြေ

ဒါတို့မြေ

ရဲရဲနီစွေး 

တော်လှန်ရေးပန်းပွင့်တွေရဲ့ 

အောင်မြေ

ယုဂန်

Photo- MPA/DVB/ Other Owners

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024