Home
မြန်မာသတင်း
မဟာဒေဝီ စဝ်ခေမာဝတီမန်းရိုင်း၏ ဈာပန ဆစ်ဒနီမြို့တွင် ကျင်းပ
DVB
·
December 29, 2021

မိုင်းပွန်စော်ဘွားစဝ်ဆေးဟုမ်ရဲ့ မဟာဒေဝီဖြစ်တဲ့ စဝ်ခေမာဝတီမန်းရိုင်းရဲ့ စျာပန အခမ်းအနားကို ၂၀၂၁ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကျင်းပခဲ့ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်က ကွယ်လွန်သွားတဲ့ အသက် ၈၄ နှစ်အရွယ် မဟာဒေဝီဟာ ကျိုင်းတုံနဲ့ သီပေါစော်ဘွား မိသားစုတွေကနေ ဆင်းသက်လာသူဖြစ်ပြီး မိုင်းပွန်ဟော်ရဲ့ နောက်ဆုံး စော်ဘွားဖြစ်သူ စဝ်ဆေးဟုမ်နဲ့ ၁၉၅၉ ခုနစ်မှာ လက်ဆက်ခဲ့သူပါ။

အဲဒီအချိန်က အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရလက်ထက်ဖြစ်ပြီး စော်ဘွားတွေ အာဏာစွန့်ရတဲ့နှစ်လည်း ဖြစ်ပါတယ်။

မိုင်းပွန်စော်ဘွားစဝ်ဆေးဟုမ်ကတော့ ၁၉၅၇ ခုနစ်မှာ စော်ဘွားအဖြစ် သမ္မတ မန်းဝင်းမောင်က အသိအမှတ်ပြုခန့်အပ်လွှာ ပေးအပ်ခြင်းခံရသူဖြစ်ပြီး နောက်ပိုင်းမှာ လူမျိုးစု လွှတ်တော်အမတ် ဖြစ်လာသူပါ။

အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွားစဝ်စံထွန်းရဲ့ သားတော်စပ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုရဲ့ တူတော်စပ်သူ ဖြစ်တဲ့ သူရဲ့ခင်ပွန်းဟာ ၁၉၆၁ ရှမ်းဖက်ဒရယ်မူ လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ၁၉၆၂ ခုနစ် အာဏာသိမ်းပွဲမှာ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ သူတို့မိသားစုဟာ သြစတြေးလျနိုင်ငံကို ဒုက္ခသည်တွေအဖြစ် ရောက်ရှိ ခိုလှုံလာကြတာလည်း ဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ရဲ့ ချွေးမဖြစ်ပေမယ့် နိုင်ငံရေးလှိုင်းလုံးတွေနဲ့အတူ မြန်မာပြည်မှာနေစဉ်ကာလတလျှောက်လုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူရဲ့ ဆွေမျိုးသားချင်းထဲက နောက်ပိုင်းမှာ နိုင်ငံရေး ဆက်လုပ်သူအဖြစ် ခွန်ထွန်းဦး တယောက်သာ ပေါ်ထွက်ခဲ့ပြီး တခြားဆွေမျိုးတော်စပ်သူ ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်ကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြံပေးတဦးအဖြစ် တာဝန်ယူနေပါတယ်။

ကျိုင်းတုံစော်ဘွား အနွယ်တော်တွေဟာ နာမည်နောက်မှာ မန်းရိုင်း အမည်ထည့်လေ့ရှိပြီး ချင်းမိုင် လန့်နား မင်းဆက်တွေကလည်း မန်းရိုင်းအနွယ်တွေပဲဖြစ်ကာ ဆွေမျိုးတော်စပ်သူတွေလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024