နိုင်ငံတဝန်းမှာ အသစ်တွေ့ရတဲ့ ကိုဗစ်-၁၉ လူနာတွေထဲက တဝက်ကျော်ဟာ အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ဖြစ်နေတယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အိုမီခရွန် ကူးစက်မှုကို စိုးရိမ်တဲ့ ပြည်သူတွေဟာ ဒီဇင်ဘာ ၂၈ ရက်က ရောဂါစစ်ဆေးရေး စင်တာတခုမှာ အစစ်ဆေးခံဖို့ တန်းစီစောင့်နေကြပါတယ်။
ဖာရာဂတ်ဒ် စကွဲယားမှာ ဖွင့်ထားတဲ့ ရောဂါစစ်ဆေးရေးစင်တာမှာ လာအစစ်ခံတဲ့ အန်နီဝိုင်းဒါး ဆိုတဲ့ အမျိုးသမီးက ကူးစက်မြန် အိုမီခရွန် ဗိုင်းရပ်စ်အသစ်ကြောင့် အားလပ်ရက် အစီအစဉ်တွေ ပျက်ရတယ်လို့ အခုလို ပြောပါတယ်။
“မောင်တစ်ယောက် အားလပ်ရက် ခရီးထွက်ရင်း ကိုဗစ်ကူးစက်ခံရတယ်။ သူ ဒီလိုဖြစ်မှန်း မသိခင် တပတ်က ကျမတို့လည်း တွေ့ခဲ့တော့ အသက်ကြီးသူတွေနဲ့ သွားတွေ့ဖို့ ကိစ္စကို ဖျက်လိုက်ရတယ်။ အားလပ်ရက် အစီအစဉ်တွေ ဒီလို ဖြစ်မယ်လို့ မထင်ခဲ့ဘူး။”
တနင်္လာနေ့မှာပဲ အမေရိကန် ကျန်းမာရေးအရာရှိတွေက ရောဂါကူးစက်ခံရသူတွေ ရောဂါလက္ခဏာ မရှိတော့တဲ့အခါ ၁၀ ရက် သီးသန့်နေဖို့ စည်းကမ်းချက်ကို ၅ ရက်အထိ လျှော့ချပေးလိုက်ပါတယ်။
အမေရိကန်မှာ အရင်လတွေက ကူးစက်မှုအများဆုံး ဖြစ်ခဲ့တဲ့ ဒယ်လ်တာမျိုးစိတ်ဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ တွေ့ရှိရတဲ့ လူနာတွေထဲက ၄၁ ရာခိုင်နှုန်းကျော်ကို ကူးစက်ခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြနေပါတယ်။