Home
မြန်မာသတင်း
အမရပူရမြို့န‌ယ်တွင် နှစ်နေရာဗုံးကွဲ၊ ရဲတပ်သားအပါအဝင် ၂ ဦး ဒဏ်ရာရ
DVB
·
December 28, 2021

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စွယ်တော် ကညနရုံးမှာ ဒီဇင်ဘာလ ၂၈ ရက် နေ့လယ် ၂ နာရီလောက်က လက်လုပ်မိုင်းပစ်ခတ်ခံရတာကြောင့် ဘန်ကာအတွင်း လုံခြုံရေး တာဝန်ကျ ရဲတပ်သားတယောက်နဲ့ အနီးနားရှိ အမျိုးသားတယောက် မိုင်းစထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမရပူရမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက “ရဲတပ်သား ဘန်ကာထဲမှာ ရှိနေတာ။ ဗုံးနဲ့ ပစ်ခံရတော့ ဗုံးစစင်ပြီး ဒဏ်ရာတာ နည်းနည်းပါးပါးပဲ။ ဆိုင်ကယ်နဲ့ လာပစ်သွားတယ်လို့တော့ ပြောကြတယ်။ ရဲတပ်သားအပြင် နောက်ထပ်လူတစ်ယောက်လည်း တင်ပါး ဗုံးစမှန်တယ်” လို့ ပြောပါတယ်။

အမရပူရမြိုနယ်၊ မှန်တန်းရပ်ကွက်ရှိ မြို့နယ် လဝက ရုံးမှာလည်း ဒီဇင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ အမည်မသိ လူ ၂ ယောက်က လက်လုပ်ဗုံးနဲ့ ပစ်ခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံး အဆောက်အဦ အနည်းငယ်ထိခိုက်သွားပေမယ့် လူထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ အမရပူရမြို့ခံတချို့က ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်ကလည်း မန္တလေးခရိုင်တရားရုံး ဒုတိယထပ်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တာကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးပေမယ့် လူထိခိုက် ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း စွယ်တော် ကညန ရုံး လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

မြို့ပြပြောက်ကျားအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ဝင်ငွေ ထောက်တိုင်တွေကို လိုက်လံရှင်းလင်းနေပြီး အများပြည်သူတွေကိုလည်း စစ်ကောင်စီကို အခွန်မဆောင်ကြဖို့ အသိပေးထားပါတယ်။

အောက်တိုဘာ ၂၇ ရက်ကလည်း သိပ္ပံလမ်းပေါ်ရှိ ကညန ရုံးရှေ့မှာ ဗုံးနှစ်လုံး ဆင့်ပေါက်တာကြောင့် လူ ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရကာ ဆိုင်ကယ် ၁၀ စီးကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024