စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အလယ်ရှိ အဝိုင်းပတ်လမ်းဆုံမှာ ဒီဇင်ဘာ ၂၇ ရက် ဒီမနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းခွဲတိုက်ခိုက်ခံရလို့ ၄ ယောက် ထက်မနည်းသေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တန်ဆည်ပြည်သူ့ရဲဘော်အဖွဲ့တာဝန်ခံက “ စစ် (-- ) တွေ မိုင်းခွဲတိုက်ခိုက်လိုက်လို့ ၄ ကောင်သေပြီး ၄ ကောင်က မသေမရှင်ဖြစ်သွားတယ်လို့ မြေပြင်သတင်းတွေအရ သိထားရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အရေးပေါ်လူနာတင်ယာဉ်တွေ သွားလာနေကြသလို ပြည်သူပိုင်လမ်းတွေကို ပိတ်ဆို့ပြီးလည်း ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်တယ် ၄ ကောင် သေတယ်ကြားနေတယ်။ နည်းတော့ နည်းတာပေါ့။ ကျနော်တို့လည်း လက်နက်မရှိလို့ပါဗျာ။ လက်နက်ရတဲ့နေ့ကတော့ ဒီကောင်တွေ မလွယ်ဘူး။ လက်နက်ရှိတဲ့သူနဲ့ မရှိတဲ့သူဆိုတော့ အားမတန်မာန်လျှော့နေရတာပေါ့။ အခုချိန်မှာ ပြည်သူတွေ အမြင်အကတ်ဆုံး အရာကို ပြောပါဆိုရင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့စစ်တပ်ပဲ” လို့ ဒေသခံတဦးက ပြောပြပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းကလည်း တန့်ဆည်မြို့လယ်အဝိုင်းပတ်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှာ အလံနက် လွှင့်တင်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလံနက်လွှင့်တင်တဲ့အဓိပ္ပာယ်ဟာ မသေမချင်းတိုက်ခိုက်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နိုင်သလို စစ်ကောင်စီဘက်က လုပ်ဆောင်တဲ့ လှည့်ကွက်တွေလည်း ဖြစ်နိုင်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။