စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ချင်းတိုင်းရင်းသားရွာတွေကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်မီးရှို့တာတွေပြုလုပ်နေပြီး နှစ်သစ်ကူးကာလမှာ အဆိုးဆုံးအခြေအနေ တွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦးတာဝန်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ်စပ်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ အကြမ်းဖက်ပစ်ခတ်မီးရှို့တာတွေဆက်တိုက်ပြုလုပ်နေတာပါ။
နှစ်သစ်ကူးနဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက အဆိုးဆုံးအကြမ်းဖက်မှုတွေ ထပ်လုပ်လာနိုင်တာကြောင့် ချင်းပြည်ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပြည်သူတွေကို အကာအကွယ်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ ကလေးမြို့တောင်ပိုင်း၊ သံဖိုကျေးရွာက နေအိမ် ၅လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးနားက ရန်ကြီးအောင်ကျေးရွာမှာလည်း တပ်စွဲထားပါတယ်။
ဒီနေ့မနက်ပိုင်းက ကလေးမြို့နယ်ထဲမှာ လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံ တွေဆက်တိုက်ကြားခဲ့ရပြီး သတင်းအတိအကျအချက်အလက်တွေကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။
ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာလည်း စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ တစ်ညလုံးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့တာကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
စစ်ကိုင်း၊ မကွေး၊ ချင်းနယ်စပ်မှာတည်ရှိတဲ့ ကလေးမြို့နယ်ဟာ ဒေသတွင်းသွားလာရေးအတွက် ဗျူဟာကျတဲ့နေရာဖြစ်တာကြောင့် စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတာပါ။
ဒီဇင်ဘာလအတွင်းကစပြီး စစ်ကောင်စီက ဒေသခံကာကွယ်ရေးတပ်တွေနဲ့ မြေပြင်မှာထိပ်တိုက်တွေ့တာကို ရှောင်ရှားပြီး စစ်မြှူနေတယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတစ်ယောက်က သုံးသပ်ပါတယ်။
PDF တွေစစ်ပန်းချိန်ရောက်မှ လေကြောင်းပစ်ကူတွေကိုထုတ်သုံးပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားတာမျိုးဖြစ်လာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသထဲက ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲ မြို့နယ်တွေ ကို မေလကတည်းက အကြမ်းဖက်ထိုးစစ်ဆင်မှုတွေပြုလုပ်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့ တာပါ။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နဲ့ မြောက်ပိုင်း ထန်တလန်မြို့က ပြည်သူတွေဟာ မြို့လုံး ကျွတ်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ချင်းပြည်နယ်ထဲမှာ နေထိုင်တဲ့ ပြည်သူ ၅ သိန်းကျော်ဟာ စစ်ကြောင့် စားဝတ်နေရေးခက်ခဲတာ၊ သွားလာရေးခက်ခဲတာအပြင် ဘာသာရေး၊ လူမျိုးရေးအရပါ စစ်ကောင်စီရဲ့အနိုင်ကျင့်တာကို ခံနေရတာဖြစ်ပါတယ်။
အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီက အနော်ရထာစစ်ဆင်ရေးအဖြစ် သတ်မှတ်ထားပြီး နေပြည်တော်က ဗိုလ်ချုပ်ကြီး နှစ်ယောက်က ကွပ်ကဲနေတာဖြစ်ပါတယ်။