Home
ဆောင်းပါး
လိပ်ပြာမလှသူတွေက သိက္ခာလှတဲ့ ပန်းဗေဒါကို သိက္ခာချသတဲ့လား
DVB
·
December 27, 2021

ဖက်ဆစ်စစ်တပ် အာဏာလုပြီးကတည်းက ၁၀ လကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မများစွာနဲ့ တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂ ခုအတွက် အမိန့်ချမှတ်ခံရပြီးတဲ့နောက် သူမကို စစ်ကောင်စီက ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်‌နေ့ တရားခွင်မှာ ထောင်ဒဏ်ချမှတ်ခံရပြီးသူတိုင်း ဝတ်ဆင်ရတဲ့ အဖြူရောင်အင်္ကျီ၊ အညိုရောင်ထဘီ ဝတ်ဆင်စေပြီး ရုံးထုတ်လာတဲ့ သတင်းတွေ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဖတ်ခဲ့ရပါတယ်။

ပြည်သူချစ်တဲ့ လူထု‌ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ပြည်သူလူထုက အမြဲစိတ်ဝင်စားခဲ့ပါတယ်။ သူမ နေကောင်းကျန်းမာရဲ့လား၊ ဘယ်လိုဝတ်စုံမျိုး ဝတ်ထားလဲ ဆိုတာတွေက အစ သိချင်ခဲ့ကြတာကြာင့် မနာလို မရှုဆိတ်တဲ့ မိန်းမလိုမိန်းမရ စစ်ဗိုလ်ချုပ်တွေက တမင်ရည်ရွယ်ပြီး သူမကို သိက္ခာချရင်း အများပြည်သူတွေ စိတ်နှလုံး ကြေကွဲဆင်းရဲရအောင် ဝတ်ဆင်စေခဲ့ပုံရပါတယ်။

ပြည်သူလူထုတရပ်လုံးရဲ့ ဂုဏ်သိက္ခာပန်းတခိုင်လုံးကို ခေါင်းထက်ပန်ဆင်ထားတဲ့ လူထုချစ်တဲ့ ပန်းဗေဒါကို လိပ်ပြာမည်းမည်း သိက္ခာမွဲမွဲ စစ်မိစ္ဆာတအုပ်က အပြစ်မရှိအပြစ်ရှာ အမှုဆင်ပြီး ထောင်ဝတ်စုံ ဆင်မြန်း‌ရုံးထုတ်လို့ သိက္ခာချနိုင်မယ် ထင်ပါသလား။

အင်္ဂလိပ်လို Dignity မြန်မာလိုမှာတော့ ဂုဏ်သိက္ခာဆိုတဲ့စကားရပ်မှာ ‘ဂုဏ်’ဆိုတာ ‘သက်ရှိ သက်မဲ့တို့ရဲ့ အရည်အချင်း အစွမ်းသတ္တိ’ဖြစ်ပြီးတော့ ‘သိက္ခာ’ဆိုတာ ‘အကျင့်သီလ၊ အကျင့်သီလရှိသောဂုဏ်’ ဖြစ်ပါတယ်။

ဂုဏ်သိက္ခာဆိုတာ သေနတ်နဲ့ ခြိမ်း‌ခြောက် တောင်းယူလို့မရသလို၊ ပိုက်ဆံနဲ့ လာဘ်ထိုးဝယ်ယူလို့လည်း မရနိုင်ပါဘူး။ ဖြစ်စေဆိုပြီး ဖန်ဆင်းယူလို့လည်း မရသလို၊ အသနားခံ တောင်းယူလို့လည်း မရနိုင်ပါဘူး။ လူတဦး၊ အဖွဲ့အစည်းတရပ်ရဲ့ ဂုဏ်သိက္ခာဆိုတာဟာ အလိုလို ဖြစ်လာတာ မဟုတ်ဘဲ ထိုပုဂ္ဂိုလ်၊ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ အနေအထိုင်၊ အပြောအဆို၊ အကျင့်၊ အကြံ၊ အလုပ် ၃ ပါးကံကနေ လူအများက အသိအမှတ်ပြုလာရာက ထိုလူပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့ အကျင့်သီလဖြူစင်မှုအရ ဖြစ်တည်လာတဲ့ ရှားပါးဂုဏ်ရည် အဆင့်အတန်းပဲ ဖြစ်ပါတယ်။  

ထပ်ရှင်းအောင် ပြောရရင် ဂုဏ်သိက္ခာဆိုတာ ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ စည်းစိမ်ဥစ္စာ ပိုင်ဆိုင်မှုတွေ၊ ခေတ်ပညာဘွဲ့အရည်အချင်းတွေ၊ ရုပ်ရည်‌ချောမောလှပ ရှိရုံနဲ့ ဂုဏ်သိက္ခာရှိတာ မဟုတ်ပါဘူး။ အထက်က အချက်တွေ ဘယ်လောက်ပြည့်စုံပြည့်စုံ ကိုယ် ပြောတဲ့စကား၊

ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်၊ ကိုယ်ထားခဲ့ ကတိစကားကို တာဝန်ယူတတ်မှု မရှိဘူး။ ကိုယ်ကျင့်သီလ မဖြူစင်ဘူး။ ကတိမတည်ဘူး၊ မရိုးသားဘူးဆိုရင် ဂုဏ်သိက္ခာမရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအဖြစ် လူသူအများက သတ်မှတ်ရှုတ်ချကြမှာ ဖြစ်ပါတယ်။ 

ဒီတော့ မြန်မာနိုင်ငံမှာ အာဏာလုယူခဲ့တဲ့ တပ်မတော် အမည်ခံထားတဲ့ လက်နက်ကိုင် ဖက်ဆစ်စစ်တပ်ရဲ့ လုပ်ရပ်နဲ့ သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ လူတိုင်း တွေ့ရတာက ခေတ်အဆက်ဆက်မှာ ကိုယ်ကျင့်သီလ ယုတ်ညံ့စွာ တိုင်းပြည်ရဲ့ သယံဇာတနဲ့ ပြည်သူ့ဘဏ္ဍာတွေကို ခိုးဝှက်ချမ်းသာလာကြတယ်၊ လူတွေကို မတရားသဖြင့် ဖမ်းဆီးညှဉ်းပန်း နှိပ်စက်သတ်ဖြတ်မှု ကုဋေကုဋာကျူးလွန်ခဲ့ကြပြီး တာဝန်မယူခဲ့ကြဘူး။ မရိုးမသား ပြောဆိုလိမ်ညာ မုသားဆိုခဲ့ကြတယ်။ ကတိတွေ အခါခါပေးပြီး ကိုယ်ထွေးတဲ့ တံထွေးပြန်မျိုချသလို အလွယ်တကူ ဖောက်ဖျက်ခဲ့ကြတယ်။ အဂတိတရား ၄ ပါးစလုံး လိုက်စားပြီး မကောင်းမှုတွေ၊ ရာဇဝတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ယုတ်တွေဟာ အာဏာရှိရင် ပိုက်ဆံရှိရင် သူတို့ကိုယ်သူတို့ ဂုဏ်သိက္ခာရှိတယ်လို့ ထင်မှတ်မှားနေကြဆဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း “ဂုဏ်သိက္ခာဆိုတာ ပိုက်ဆံမဟုတ်ဘူးဆိုတာ ကလေးတွေ သိအောင် ပြောပြထားရဦးမယ်” လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ပြန်ကြည့်မယ်ဆိုရင် သူမရဲ့ ကိုယ်ကျင့်သီလ ဖြူစင်မှု၊ ကတိသစ္စာမြဲမြံမှု၊ ရိုးသားတည်ကြည်မှု၊ အဂတိလေးပါးလိုက်စားခြင်းက ကင်းလွတ်မှု၊ သား ၂ ဦးနဲ့ ခင်ပွန်းမိသားစုဘဝကို စွန့်လွှတ်ပြီး နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် ပေးးဆပ်ခဲ့မှု၊ အများအကျိုးအတွက် ၁၅ နှစ်တိုင်တိုင် အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံပြီး သူမရဲ့ အကောင်းဆုံး အရွယ်တခုလုံး ပေးဆပ်ခဲ့မှု စတဲ့ အလုပ် ၃ ပါးကံတွေကြောင့် မြန်မာပြည်သူတွေသာမက ကမ္ဘာပြည်သူတွေကပါ လေးစားအသိအမှတ်ပြုတဲ့ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သူမဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရဲ့ ဆုငွေဒေါ်လာ ၁ ဒသမ ၃ သန်း ငွေကြေးအားလုံးကို မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ ပညာရေးများအတွက် ရန်ပုံငွေအဖြစ် ထူထောင်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလုစစ်ကောင်စီက အကျယ်ချုပ်နဲ့ ဖမ်းထားချိန် ပန်းသပိတ် ဆင်နွှဲခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားကြတဲ့ ပြည်သူသန်းပေါင်းများစွာဟာ တနိုင်ငံလုံးက လမ်းမတွေထက်မှာ ဈေးထဲမှာ၊ အလုပ်ထဲမှာ ပန်းတွေနဲ့ ဝေနေခဲ့ကြတာ မဟုတ်လား။

စစ်ဗိုလ်ယုတ်တွေနဲ့ အခွင့်ထူးခံလူစုတ်တွေဟာ အာဏာလုယူပြီး သူတို့ရဲ့ ပြည်သူ‌တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ မသိနိုးနား မိုက်မဲသူတွေကို လှည့်ဖြားသိမ်းသွင်းဖို့ အောက်ပါ မမှန်ကန်တဲ့ လုပ်ကြံဆင်ခြေအမျိုးမျိုးကို ယုတ်ညံ့စွာ အကြောင်းပြဝါဒဖြန့်ခဲ့ကြတယ်။

(၁) လူမှုကွန်ရက်ပေါ်မှာ NLD အစိုးရက နိုင်ငံခြားသား အကြံပေး ၉၀ ကျော် ခန့်အပ်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေ ဖြုန်းတီးခဲ့တယ်ဆိုပြီး နိုင်ငံခြားသားတွေ အုပ်ချုပ်တာ မခံရအောင် ကာကွယ်ဖို့ အာဏာသိမ်းခဲ့ရသယောင် ဆင်ခြေပြဝါဒဖြန့်ခဲ့ကြတယ်။

(၂) ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့ အောက်ခြေမဲရုံမှူးတွေက ဥပဒေချိုးဖောက်ပြီး မဲလိမ်ခဲ့လို့ အာဏာသိမ်းခဲ့ရသယောင် ဆင်ခြေပြဝါဒဖြန့်ခဲ့ကြတယ်။

(၃) တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ချပြမယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ဥက္ကဋ္ဌ ဦးလှသိန်းက ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှားကို ဖြန့်ပြီး ဒါကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရသယောင် ဆင်ခြေပြဝါဒဖြန့်ခဲ့ကြတယ်။

နိုင်ငံခြားသား ဆိုတဲ့ စကားလုံးသုံးလိုက်တာနဲ့ ဘုမသိဘမသိ မျိုးညစ် ဘာသာညစ်တွေ၊ မဘသဘုန်းကြီးတွေဟာ လူမျိုးခြားက အုပ်ချုပ်နေတာမို့ အာဏာသိမ်းရတာ လုပ်သင့်တယ်လို့ ဝါ‌ဒမှိုင်းတိုက်ခဲ့ကြတာ။ NLD အစိုးရလက်ထက်မှာ ပုဂံကို ယူနက်စကို အသိအမှတ်ပြုပြီး ထိန်းသိမ်းစောင့်ရှောက်ခွင့်ရတာကို ခေတ်နောက်ပြန်ဆွဲတဲ့ အမြင်၊ မျက်ကန်းမျိုးချစ်၊ ဘာသာချစ်အမြင်နဲ့ သီတဂူဘုန်းကြီးက  ယူနက်စကိုဌာနချုပ် တည်ရှိရာ အဇာဘိုင်ဂျန်ဟာ မွတ်ဆလင်နိုင်ငံတွေ ဝိုင်းရံနေတာဆိုပြီး အစ္စလာမ်အဖွဲ့အစည်းလက်ထဲ ထိုးအပ်ခဲ့တဲ့ သ‌ဘောလို့ မသိနိုးနားတဲ့ ပြည်သူတချို့ နားယောင်အောင် ဟောပြောခဲ့တာဟာ လူသတ် သာသနာပြုစစ်အာဏာရှင်တွေနဲ့ အတွေးအခေါ် တဂိုဏ်းတည်းဆိုတာ မြင်သာပါတယ်။

ရွေးကောက်ပွဲကိစ္စမှာလည်း သီတဂူဟာ ပြည်သူနဲ့ ဆန့်ကျင်ဘက် စစ်အာဏာလု ဗိုလ်ယုတ်တွေနဲ့ တဘက်တည်းမှာ ရပ်တည်ပြီး မဲလိမ်သယောင် မြောက်ဥက္ကလာမှာ ၄ သောင်းဆံ့တဲ့ မဲပုံးကြီး မဲစာရင်းရေပြီးချိန်မှ ထပ်ရောက်လာတယ်ဆိုတဲ့ သတင်းအမှားကို ကူညီဖြန့်ဝေ ဟောပြောခဲ့ပါတယ်။

ဒီတော့ ဂုဏ်သိက္ခာမဲ့တဲ့ သမ္မတရူး လူသတ်ဓားပြ မအလနဲ့ စစ်အခွင့်ထူးခံ‌တွေနဲ့အတူ အပေါင်းအဖော်ပြုမိ၊ အာဏာလုဖို့ ထောက်ခံအားပေးခဲ့ကြတဲ့ သီတဂူနဲ့ မဘသ နောက်လိုက်တွေရဲ့ အပြစ်အကုသိုလ်ဟာ စစ်ဘီလူးတွေရဲ ပြည်သူအပေါ် ကျူးလွန်မှု၊ ရက်စက်ယုတ်မာမှု၊ ကြမ်းကြုတ်လာလေလေ သူတို့ရဲ့ အပြစ်ဟာ ကြီးမားလာလေလေပါပဲ။

ဒါကြောင့်မို့ ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ရှိရှိသမျှ လူသားကျင့်ဝတ်စံအားလုံး ချိုးဖောက်‌လို့ ဂုဏ်သိက္ခာမဲ့ပြီး လိပ်ပြာမလှတဲ့ မကောင်းဆိုးဝါး ဖက်ဆစ်စစ်မိစ္ဆာတပ်ဟာ ဂုဏ်သိက္ခာ ကြီးမြတ်လှတဲ့ ပြည်သူချစ်တဲ့ လူထု‌ခေါင်းဆောင်‌ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံ ဝတ်ဆင်‌စေပြီး ရုံးထုတ်သိက္ခာချခြင်းဟာ မစင်အိမ်တွင်းလောက်က သူတော်စင် သပိတ်ထဲက ဆွမ်းကို မသန့်စင်ဘူးလို့ ကဲ့ရဲ့သင်္ဂြိုဟ် ဝန်တိုနေသလိုပါပဲ။ 

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024