စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ ၉ ဦးရှိလာပြီး စစ်ကောင်စီက တပ်စွဲထားတာကြောင့် အလောင်းအချို့ ပြန်မယူနိုင်သေးဘူးလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ရုပ်အလောင်းတွေကို ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့ပြီး ကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲထားပြီး ပစ်ခတ်နေတဲ့အတွက် ၄ လောင်းကိုသာ ကောက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “ကျောင်းထဲမှာ တပ်စွဲထားတုန်းပဲ။ တပ်စွဲထားတော့ ကျောင်းရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အလောင်းတွေကို သွားကောက်လို့မရဘူး။ အလောင်းတွေကတော့ လမ်းပေါ်မှာတွေ ဒီတိုင်း ရှိနေတုန်းပဲ။ လူသံကြားတာနဲ့ သူတို့က လိုက်ပစ်တာဆိုတော့ သွားကောက်ဖို့ မလွယ်နိုင်သေးဘူး။ အလောင်းတွေကတော့ တော်တော်ပုတ်ပွနေပါပြီ။ ဖြစ်စေချင်တာကတော့ အလောင်းတွေကို သေချာကောက်ပြီး သဂြိုဟ်ပေးချင်တာပါပဲ” လို့ ပြောပါတယ်။
တွေ့ရှိပြီး သယ်ဆောင်သဂြိုလ်ပေးလိုက်တဲ့ သေဆုံးသူတွေကတော့ ဦးအေးကို၊ ဦးမြင့်ဇော်၊ ဦးမောင်ကြည်နဲ့ ဒေါ်ဌေးမတို့ရဲ့ အလောင်းတွေဖြစ်ပြီး သွားရောက်မရှာဖွေနိုင်သေးတဲ့ အလောင်း တွေ ဒီ့ထက်မက ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။
တချို့အလောင်းတွေဟာ မီးရှိ့ခံထားရတာကြောင့် ဘယ်သူ ဘယ်ဝါဆိုတာကို သေချာ မပြောနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရုပ်အလောင်းတွေကို CNDF ၊ PDF (Kalay) တို့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ကောက်ယူခဲ့ကြတာဖြစ်ပါတယ်။
နတ်ချောင်းအထက်တန်းကျောင်းအတွင်းမှာ စစ်ကောင်စီက တပ်စွဲထားတာဖြစ်ပြီး ကျောင်းရှေ့ ဖြတ်သန်းသွားလာတဲ့ အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်ခဲ့ပြီး အမျိုးသမီး စီးလာတဲ့ ဆိုင်ကယ်နဲ့ အလောင်းမှာ နဂိုအတိုင်းရှိနေသလို ဘယ်သူဘယ်ဝါဆိုတာကိုလည်း အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်နေတာကြောင့် စာသင်ကျောင်းအနီးနေထိုင်သူတချို့ ဒီဇင်ဘာ ၂၆ ရက်အထိ ဘေးလွတ်ရာထွက်မပြေးနိုင်သေးတာကြောင့် အစားအသောက် အခက်အခဲကြုံနေရ တယ်လို့ သိရပါတယ်။
နတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၂၃ ရက်က ရဟတ်ယာဉ်အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့သလို နေအိမ်တွေကိုလည်း မီရှို့ဖျက်ဆီးခဲ့တာပါ။
နတ်ချောင်းကျေးရွာမှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ဒီဇင်ဘာ ၂၃ ရက် ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၃ ဦး သေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့က တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
၄ နာရီကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေ စစ်ရေးအရ ဆုံးရှုံးမှုများတာကြောင့် စစ်ရဟတ်ယာဉ်တွေ တပ်ကူရောက်ရှိလာပြီး ကျေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
နတ်ချောင်းကျေးရွာဟာ ဂန့်ဂေါ- ကလေး လမ်းမကြီးပေါ်မှာ တည်ရှိတဲ့လူနေအိမ် ၁၄၀၀ ကျော် ရှိတဲ့ ကျေးရွာကြီးတစ်ခုဖြစ်ပါတယ်။
ဒေသခံ PDF အဖွဲ့တွေက သေဆုံးသူအလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ ထုတ်ပြန်ချက်ထားပေမယ့် ဒေသခံတွေက ၁၁ လောင်းအထိ တွေ့ရှိထားတယ်လို့ ပြောပါတယ်။