ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် (သိန္နီ-ကွတ်ခိုင်ကြား) မန်ပြိန်းကျေးရွာ၊ ကောင်းခမ်းကျောက်တောင်အနီးမှာ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီလောက်က မန်ပြိန်းကျေးရွာ ကောင်းခမ်းကျောက်တောင်အနီးမှာ ထမင်းဝိုင်းဖွဲ့စားနေတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် အင်အား ၄၀ လောက်ကို ကေအိုင်အေပူးပေါင်းတပ်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများနိုင်တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျနော်တို့က ယာဥ်တန်းတက်လာမယ်ဆိုတာသိလို့ မိုင်းထောင်ဖို့သွားတယ်။ လမ်းကြောင်းမှာ စစ်ကြောင်းကို အလစ်ဝင်တိုက်ခဲ့လို့ နှစ်ဘက်တိုက်ပွဲဖြစ်တာ။ နာရီဝက်ကျော်ကျော်ကြာတယ်။ ကျနော်တို့ဘက်က လက်နက်ကြီး ၆၀၊ ၄၀ မမ တွေ သုံးခဲ့ရတယ်။ ကျနော်တို့ဘက်က ပစ်ဆုတ်ဆုတ်လာတော့။ စကစဘက်က ထိတာတော့ထိတယ်။ သေဆုံး ထိခိုက်စာရင်းက မသိရဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ သိန္နီမြို့ အမြောက်တပ်က လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
မန်ပြိန်းကျေးရွာသားတစ်ဦးက “ညနေလောက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က ကောင်တွေက ကျောက်တောင်နားမှာ ထမင်းစားနေတယ်လို့ ကြားတယ်။ ဖြစ်ပြီးမကြာဘူး၊ သိန္နီဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တော့ ရွာတွေနားမှာ လာကျလို့ ဒေသခံတွေ ကြောက်လန့်ပြီးထွက်ပြေးရတယ်” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ ဒီနေ့မနက်မှာတော့ နေရပ်ပြန်ရောက်လာကြပြီလို့ သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကလည်း သိန္နီမြို့ အထွက်(ဗြုန်းတောင်အနီး) လားရှိုး-မူဆယ်ကားလမ်းမကြီးဘေးနဲ့ သိန္နီ-ကွတ်ခိုင်ကြား၊ မန်ပြိန်းရွာ အပေါ်ဘက် ဘုရားတောင်အနီးမှာ တိုင်းရင်းသားလက်နက်ကိုင် (EAOs)၊ သိန္နီမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(TN.PDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။