စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ တရားမဝင် မှောင်ခိုသယ်ဆောင်လာတဲ့ ကျောက်စိမ်းထုတ်တွေကို ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ် ဆေးသိမ်းဆည်း ရမိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူဆီကို လွှဲအပ်လိုက်တယ်လို့ သိရ ပါတယ်။
မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံ ကိုဝင်းက “ဘက်ဟိုး ၂ စီး အပါအဝင် ဆိုင်ကယ်တွေ တင်လာပြီး မန္တလေးကို သွားမယ့် ဖလက်တွဲကို စစ်ဆေးတဲ့အခါမှာ ဘက်ဟိုးတစ်စီးရဲ့ အင်ဂျင်ခန်းထဲမှာ ထည့်ပြီး သိုဝှက်ယူဆောင်လာတဲ့ ကျောက်စိမ်းအိတ်တွေကို တွေ့ရှိခဲ့ရတာပါ။ ဒီဇင်ဘာ ၁၉ ရက်ကတွေ့ပြီး ၂၁ ရက်မှာ NUG တာဝန်ရှိသူကို လွှဲအပ်ပေး လိုက်ပါတယ်။ ကျောက်စိမ်းတွေဖြစ်နေလို့ ကျနော်တို့လည်း ကျောက်ပညာရှင်မဟုတ်တဲ့ အတွက် ကာလတန်ကြေးကို မတွက်တတ်ဘူး။”
အဆိုပါ ဘက်ဟိုး ၂ စီးမှာ မြစ်ကြောင်းကနေ မန္တလေးဘက်ကိုပို့ဆောင်ဖို့ ရေယာဉ်ဖလက်တွဲကို ငှားရမ်းတင်ဆောင်လာတာဖြစ်ပြီး စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ ကျောက်စိမ်းတွေကို ခေတ္တလက်ခံထားပေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူက “သိပ်မကြာခင်မှာဘဲ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ကျောက်စိမ်းတွေဟာ အရွယ်အစားအတူညီကြဘဲ တိတ်တွေနဲ့ပတ်ထားကာ ပီနံအိတ် ၃ လုံးနဲ့ ထည့်ထားပြီး ဘက်ဟိုးယာဉ်ရဲ့ အင်ဂျင်ခန်းအတွင်းမှာ လျှို့ဝှက်သယ်ဆောင်လာတာလို့ သိရပါတယ်။
မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ချင်းတွင်းမြစ်ရေကြောင်း စိုးမိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပြီး ပြီးခဲ့တဲ့ရက်အနည်းငယ်က တရားမဝင်ကျောက်စိမ်း တွေသယ် ဆောင်လာတဲ့ ဖလက်ခွံအပါအဝင် ရေယာဉ် ၁၁ စီးကို စစ်ဆေး၊ တိုက်ခိုက်၊ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး ပစ္စည်းတွေ ဖမ်းဆီးသိမ်းဆည်းတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။