နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့မှာ နေထိုင်တဲ့ CDM ကျောင်းဆရာတယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၀ ရက် ညပိုင်းမှာ ဖမ်းဆီးသွားပြီး နောက်တစ်ရက်မှာ သေဆုံးသွားတယ်လို့ သေဆုံးသူမိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်တဲ့ CDM အလယ်တန်းပြကျောင်းဆရာ ကိုလမင်းမောင်ကို ဒီဇင်ဘာလ ၂၀ ရက် ညပိုင်းမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လယ်ဝေးမြို့က Excellent စားသောက်ဆိုင်မှာ ဖမ်းဆီးသွားတာပါ။
ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ကိုလမင်းမောင်သေဆုံးသွားကြောင်း ရဲစခန်းက မိသားစုကို အကြောင်းကြားလာတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
လယ်ဝေးမြို့ အမှတ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုလမင်းမောင်ဟာ လယ်ဝေးမြို့၊ မဒေါ့ပင်ကျေးရွာစာသင်ကျောင်းက အလယ်တန်းပြ ကျောင်းဆရာတစ်ဦးဖြစ်ပြီး မတ်လကတည်းက CDM ပြုလုပ်ထားသူ ဖြစ်တယ်လို့ ကိုလမင်းမောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ နေထိုင်သူတချို့ကို စစ်ကောင်စီက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးကာ စစ်ကြောရေးမှာ နှိပ်စက်စစ်ဆေးတာတွေ လုပ်လေ့ရှိသလို စစ်ကြောရေးမှာ သေဆုံးသွားသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံထားရသူ အယောက် ၁၀၀ လောက်ရှိပြီလို့ ဒေသခံတွေထံက သိရပါတယ်။