မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းက အလုပ်သမားတွေ လစဉ်ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေစာရင်းတွေ ပျောက်ဆုံးနေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က အခြေခံအလုပ်သမားတွေဟာ သူတို့ရဲ့လစာထဲကနေ ရာခိုင်နှုန်းတစ်ခုကို လူမှုဖူလုံရေးရန်ပုံငွေအဖြစ် အစိုးရဆီကို ပေးသွင်းခဲ့ရတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဆိုပါ လူမှုဖူလုံရေးရန်ပုံငွေစာရင်းတွေ ပျောက်ဆုံးနေပြီး စစ်တပ်က အလွဲသုံးစားလုပ်မှာကို စိုးရိမ်ရတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
စစ်ကောင်စီက သူတို့အာဏာ ရေရှည်တည်မြဲဖို့အတွက် ဘာကိုမှမငဲ့ညှာဘဲ နည်းလမ်းစုံသုံးနေတာကြောင့် လူမှုဖူလုံရေးရန်ပုံငွေတွေကို အလုပ်သမားတွေ ဆုံးရှုံးဖို့ ရာခိုင်နှုန်းများနေတယ်လို့လည်း ဆိုပါတယ်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးရဲကျော်သူက “အာဏာသိမ်းတဲ့အချိန်မှာ သေချာတာကတခုက အများလည်း ကြားနေတာပဲ။ ဘုရားက ဘဏ္ဍာငွေတွေတောင်မှ မခံဘူးဆိုရင် သေချာတာက အလုပ်သမားရန်ပုံငွေတွေက ရှိမယ်တောင် မထင်တော့ဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူမူဖူလုံရေးအာမခံလုပ်သား ၁ သန်းကျော်ရှိနေပြီး လစာရဲ့ ၂ ရာခိုင်နှုန်းကို လူမှုဖူလုံရေးအဖွဲ့ဆီ လစဉ်ပေးသွင်းခဲ့တာပါ။ အဲ့ဒါအပြင် အလုပ်ရှင်တွေကလည်း အလုပ်သမားတွေအတွက် လစာရဲ့ ၃ ရာခိုင်နှုန်းကို လစဉ်ပေးသွင်းခဲ့ရပါတယ်။
လူမှုဖူလုံရေးအဖွဲ့ရဲ့ အာဏာမသိမ်းခင်က ထုတ်ပြန်ချက်တွေအရ တစ်လကို ရန်ပုံငွေအဖြစ် ငွေကျပ်သန်းပေါင်း ၁၅၀၀၀ ဝန်းကျင် ပုံမှန်ရရှိခဲ့ပါတယ်။ အဲဒီရန်ပုံငွေထဲက အကျိုးခံစားခွင့်တွေ အဖြစ် လစဉ်ငွေကျပ်သန်း ၅၀၀၀ ဝန်းကျင်ပြန်သုံးပေးခဲ့ပြီး ပိုလျှံငွေတွေကို စုဆောင်းထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အန်အယ်လ်ဒီအစိုးရက စုဆောင်းခဲ့တဲ့ လူမှုဖူလုံရေးရန်ပုံငွေဟာ စုစုပေါင်း ငွေကျပ်ဘီလီယံ ၃၀၀ နီးပါးရှိနိုင်တယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ခန့်မှန်းပါတယ်။
MICS အလုပ်သမားအဖွဲ့ချုပ် လက်ထောက်အတွင်းရေးမှူး ကိုနေလင်းအောင်က “ဒီကာလမှာ သူတို့ ယူသုံးထားသလားလို့တော့ မပြောတတ်ဘူးပေါ့နော်။ ဘုရားဘဏ္ဍာငွေတွေတောင် အတိုးပေးမယ်ဆိုပြီး ယူသုံးသေးတာ။ ဝန်ကြီးဌာနက ပိုက်ဆံဆိုတော့လည်း ယူသုံးချင် သုံးမှာပဲလေ” လို့ ပြောပါတယ်။
အာဏာမသိမ်းခင် ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလမှာ အန်အယ်လ်ဒီ အစိုးရက လူမှုဖူလုံရေးရန်ပုံငွေထဲကနေ ငွေကျပ်ဘီလီယံ ၅၀ စီ နှစ်ကြိမ်ထုတ်ယူပြီး အလုပ်သမားတွေကို ငွေကြေးထောက်ပံ့တာ၊ အလုပ်ရှင်တွေကို ချေးငွေထုတ်ပေးတာတွေပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရန်ပုံငွေတွေပျောက်ဆုံးနေတာဖြစ်ပါတယ်။
အထည်ချုပ်လုပ်သားတစ်ဦးက “ကျနော်တို့မှာ ဖူလုံရေးအကျိုးခံစားခွင့် အခုချိန်ထိ ဘာမှမရှိဘူး။ သူတို့က မကျေနပ်ရင် ဖူလုံရေးရုံးသွားလို့သာ ပြောတာ။ ကျနော်တို့မှာ ခံစားခွင့် ဘာမှမရှိဘူး” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးတွေကျဆင်းနေပြီး ကိုဗစ်တတိယလှိုင်းမှာလည်း အခြေခံလုပ်သားတွေဟာ ကူညီထောက်ပံ့မှုတစ်စုံတရာ မရယူနိုင်ခဲ့ပါဘူး။
လူမှုဖူလုံရေးရန်ပုံငွေနဲ့ပတ်သက်လို့ လူမှုဖူလုံရေးအဖွဲ့ဆီကို ဒီဗွီဘီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်တုံ့ပြန်ဖြေဆိုခြင်းမရှိပါဘူး။