Home
မြန်မာသတင်း
လေကြောင်းပျံသန်းမှုကင်းဇုန် သတ်မှတ်ရန် ကုလသမဂ္ဂကို ကေအန်ယူ တောင်းဆို
DVB
·
December 20, 2021

စစ်ကောင်စီဟာ ဆိုးဝါးပြင်းထန်တဲ့ လူသတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကို လေးကေ့ကော်ဒေသမှာ အချိန်မရွေး ပြုလုပ်လာနိုင်တဲ့အတွက် ကုလသမဂ္ဂကဦးစီးပြီး အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပကာ  လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် ကရင်ပြည်နယ်မှာ သတ်မှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က တောင်းဆိုလိုက်ပါတယ်။

ကေအန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တွင်း လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက တပ်အင်အား အလွန်အကျွံ အသုံးပြု ကျူးကျော်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံ (ကေအန်ယူ) ဗဟိုဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်စွဲနဲ့ အခုလို ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့လည်း ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းတဲ့အနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသမှာ တပ်ကို ပြန်လည်ရုပ်သိမ်းသွားဖို့လည်း တောင်းဆိုထားသလို စစ်ကောင်စီရဲ့တပ်က အနာဂတ် နိုင်ငံရေးမှာ ပါဝင် စွက်ဖက်မှုကနေ ဆုတ်ခွာကြောင်း ကတိပေး လုပ်ဆောင်ဖို့လည်း ကေအန်ယူက တောင်းဆိုထားပါတယ်။

ဒီတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးထားတဲ့ ထိုင်းနိုင်ငံကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ သူတို့အတွက် သင့်တော်တဲ့ နေရာထိုင်ခင်း ချထားပေးမှု ရရှိရေးအတွက်လည်း မျှော်လင့်ကြောင်း ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေနဲ့ တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်နေသူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဝင်ရောက်တွေ့ဆုံခွင့်နဲ့ လိုတဲ့အကူအညီတွေ ပေးနိုင်ရေးအတွက် ကူညီပံ့ပိုးမှုတွေ စီစဉ်ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ခြင်းသာလျှင် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီး ပိုမိုပြင်းထန်လာနေတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးရဲ့ အ‌ဖြေသာဖြစ်တယ်လို့လည်း ကေအန်ယူ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက လေးကေ့ကော်မြို့သစ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲမှာ အဆိုပါဒေသကို တိမ်းရှောင်လာတဲ့သူတွေကို စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ နေအိမ်တွေကို ရိုက်ချိုးဖျက်ဆီးပစ်တာနဲ့ မိမိတို့ တပ်ဖွဲ့ဝင်တွေကို စစ်ရေးအရ အင်အားသုံး ဖိအားပေးပြီး အကြမ်းဖက် တိုက်လာတာကြောင့် ကေအန်ယူအနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ တိုက်ပွဲ ဖြစ်ပေါ်လာခဲ့တာလို့လည်း ရှင်းပြထားပါတယ်။

ပြည်တွင်း ပြည်ပရှိ ကရင်အမျိုးသား၊ တိုင်းရင်းသားပြည်သူတွေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း တိုက်ပွဲတွေအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေကို လိုအပ်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ ယာယီခိုလှုံရေး လိုအပ်ချက်ကို ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိပြီး ကူညီပံ့ပိုးမှုတွေ ဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ပွဲတွေကြောင့် လေးကေ့ကော်ဒေသနဲ့ အနီးနားကျေးရွာတွေကနေ  ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ မနက်အစောပိုင်းက စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော် နယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထပ်မံထွက်ပြေးလာကြပြီး အရင်ရောက်နေ သူတွေပါနဲ့ဆိုရင် တသောင်းဝန်းကျင်ရှိနိုင်တယ်လို့  ကူညီပေးနေသူတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024