စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ရေနက်ရွာနဲ့ ဥယျာဉ်ရွာကြားအနီးမှာ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီလောက် စစ်ကောင်စီဘက်က ဂျက်လေယာဉ် ၄ စီးနဲ့ လေကြောင်းစစ်ဆင်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ရေနက်ရွာနဲ့ ဥယျာဉ်ရွာဟာ ရေဦးနဲ့ တန့်ဆည်မြို့နယ်နှစ်ခုကြား ကပ်လျက်ရှိတဲ့ ကျေးရွာ နှစ်ရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။
“နမခဘက်နေ လေယာဉ်လေးစီးနဲ့ ပစ်ခတ်တာဗျ။ ဘာကြောင့်ပစ်ခတ်တာလဲဆိုတော့ PDF စခန်း ရှိတယ်ထင်လို့ နေမှာပေါ့။ အခုလောလောဆယ်တော့ ဘာတွေ ပျက်စီးထိခိုက်တယ်ဆိုတာကတော့ မပြောနိုင်သေးဘူး” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
တန့်ဆည်-ရေဦးနယ်စပ်တလျှောက် ရဟတ်ယာဉ်နှစ်စီးဟာ ရေဦးမြို့နယ်၊ ပန်းကုန်းရွာမှာ ဆင်းသက်ပြီးနောက် စစ်သားတွေချကာ နယ်မြေရှင်းလင်းဖို့ လုပ်နေတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း PDF တွေ ခိုအောင်းရာနေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ရော မြေပြင်ကပါ ပြန်လည်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေပါ ထိခိုက်မှုရှိ နေပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်ကြစဥ် စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း သံဘိုကျေးရွာဘက်ကနေ ဘန့်ဘွေးကျေးရွာဘက်ကို လာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ပန်းတိမ်ပြင်ကျေးရွာက မောင်ချမ်းလင်းအောင် ရဲ့ပေါင်မှာ သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဘန်းဘွေးကျေးရွာက ဦးချစ်သန်း၊ ဦးချစ်ပို နဲ့ ဦးဇော်နိုင်တို့ရဲ့ နေအိမ် ၃ လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အတွင်းမှာ တပ်ဖြန့်သွားလာလှုပ်ရှားနေတာကြောင့် ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာ မနေရဲကြဘဲ ထွက်ပြေးတိမ်းရှောင်ကြတဲ့ပြည်သူ သောင်းချီရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဘန့်ဘွေးကျေးရွာက ဖိုးပြူး(ခ)မောင်မျိုးမျိုးဦး ရဲ့ ခြေထောက်မှာလည်း သေနတ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဟောင်းအများစုနေထိုင်တဲ့ အောင်ဇေယျကွက်သစ်(ဒေသခေါ် ရွှေတောင်ဦးကုန်း) မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကလည်း မုံရွာ-ယာကြီး-ကလေးဝ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အိမ်ထောင်စုဇယား(သို့)မှတ်ပုံတင်တွေပါ ယူဆောင်ခိုင်းသလို စစ်ဆေးခံပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုတယ်လို့ ဒေသခံတွေကပြောပါတယ်။