မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ပရဟိတဆရာဝန် ဒေါက်တာ ချမ်းမြေ့အောင်ကို စစ်ကောင်စီက ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။
ဒေါက်တာချမ်းမြေ့အောင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်နဲ့ မော်လမြိုင်ငွေမိုးဆေးရုံမှာ လာရောက် ဖမ်းဆီးပြီးနောက် ၅၀၅(က) နဲ့ အမှုဖွင့်လိုက်တာပါ။
စစ်ကောင်စီကတော့ ဒေါက်တာချမ်းမြေ့အောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ငွေတိုက်စာချုပ် ဝယ်ယူခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လာရောက်ဖမ်းဆီးခဲ့ပြီး အထောက်အထား တစ်စုံတစ်ရာ မတွေ့တဲ့အတွက်ကြောင့် လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေကို ပြန်လည်မျှဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါက်တာ ချမ်းမြေ့အောင်ကို စစ်ကောင်စီက မော်လမြိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကျိုက်မရောအကျဉ်းထောင်ကို ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေါက်တာချမ်းမြေ့အောင်ဟာ ကိုဗစ်ကပ်ရောဂါကာလတွေတုန်းက နယ်လှည့်ပြီး ဆေးကုသပေးခဲ့သလို လက်ရှိမှာတော့ မော်လမြိုင်က သာသနာနွယ်ဖောင်ဒေးရှင်း ဇီဝိတဒါနဆေးခန်းမှာ အခမဲ့ဆေးကုသပေးနေတာ ဖြစ်ပါတယ်။
စစ်တပ်ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာချမ်းမြေ့အောင်ဟာ ပြီးခဲ့တဲ့ ၃ နှစ်ကျော်က စစ်တပ်ကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး၊ လက်ရှိမှာတော့ ပရဟိတဆရာဝန်တစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။