မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ စစ်ကောင်စီကို ဆက်ကြေးပေးပြီး ထွက်လာတဲ့ ရေနံစိမ်းသယ် ဆီဘောက်ဆာယာဥ်တစ်စီး ဒီဇင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် သက္ကယ်ကန်နဲ့ ဇီးဖြူပင်ရွာကြားမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်လောက်က မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပြီး ဘောက်ဆာယာဥ် မီးလောင်ပျက်စီးသွားတယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခွင့်ချိန်က ပြောပါတယ်။
“ကျနော်တို့ မြိုင် PDF အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ငဲ့ညှာတဲ့အနေနဲ့ ငွေကြေးကောက်ခံခြင်းမရှိဘဲ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ပေးထားတယ်။ ဒါကို သူတို့က မိမိအကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး စစ်ကောင်စီကို ဆက်ကြေးပေးပြီးထွက်လာလို့ မိုင်းတစ်လုံးခွဲလိုက်တာ။”
မင်းသားကျရွာဘက်မှာလည်း စစ်ကောင်စီတပ်တွေက အင်အား ၁၅၀ လောက်သုံးပြီးထိုးစစ်ဆင်နေပြီး အိမ်စီးကားတွေ အသုံးပြု သွားလာသလို ဘောက်ဆာယာဥ်တွေနဲ့ လည်း လိုက်ပါလာတတ်တာကြောင့် ဖောက်ခွဲလိုက်တာလို့ ပြောပါတယ်။
ဇီးဖြူပင်ရွာဒေသခံတစ်ယောက်က “ရွားနာမှာ ဆီဘောက်ဆာယာဥ်ပေါက်ကွဲကာ လမ်းဘေးထိုးကျပြီးတော့မီးလောင်နေတာ မီးတောက်တော်ပြင်းတယ်ဗျ။ ကျနော်တို့လည်း အနားမကပ်ရဲဘူး၊ မွန်းလွဲ ၁ နာရီကျော်လောက်ကနေ လောင်နေတာ ၂ နာရီ နီးနီးလောက်ရှိတယ်၊ ခုထိမငြိမ်းသေးဘူး” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေထိုင်ကြဖို့နဲ့ ခရီးသွား ယာဥ်မောင်းတွေအနေနဲ့လည်း ကားမှန်တွေချပြီး မောင်းနှင်ကြဖို့ မြိုင် PDF က ထပ်မံသတိပေးထားပါတယ်။