Home
မြန်မာသတင်း
တပ်မဟာ ၄ နယ်မြေတိုက်ပွဲအတွင်း စစ်​တပ်က ၃ ဦးသေ၊ ဒေသခံများ ရိုက်နှက်စစ်ဆေးခံရ
DVB
·
December 12, 2021

ကေအန်ယူ တပ်မဟာ ၄ နယ်မြေ၊ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊  မြို့ဟောင်းရွာအနီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့  စစ်ကောင်စီတပ်တို့ တိုက်ပွဲ​ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၃ ဦး ကျဆုံးခဲ့တယ်လို့ ကေအန်ယူတာဝန်ရှိသူဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက် မနက် ၇ နာရီကျော်လောက်က တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ရွာအတွင်းကို စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက် မြို့ဟောင်းရွာ သင်္ချိုင်းကနေတဆင့် ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ကေအန်ယူ တာဝန်ရှိသူက “နယ်မြေကျူးကျော်လာတဲ့အတွက် တိုက်ပွဲဖြစ်တာ။ စစ်​ကောင်စီဘက်က  လက်နက်ကြီးတွေပါ အသုံးပြုလာလို့ ကျနော်တို့ဘက်က RPG တွေနဲ့ ပြန်ပစ်ခတ်ခဲ့ရတယ်။ စကစဘက်က ၃ ယောက်ကျတယ်။ တိုက်ပွဲအခြေအနေက ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် မြို့ဟောင်းကျေးရွာက ဒေသခံရွာသား ၃၀ ဦးကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရိုက်နှက်​ပြီး နှိပ်စက်မေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြို့ဟောင်းကျေးရွာသားတစ်ဦးက “ကေအန်ယူ နဲ့ ရွာသားတွေ ဘယ်လို ပတ်သက်မှုလဲ။ သူတို့လာတာ ကေအန်ယူကို သတင်းပေးလို့ဆိုပြီး အမျိုးမျိုးမေးပြီး ရိုက်တာ ကြက်ကလေး ငှက်ကလေးလို့ သဘောထားပြီး သူတို့လိုချင်တဲ့အဖြေမရမချင်း ရိုက်ပြီးနှိပ်စက်တာ” လို့ ပြောပါတယ်။

မနက်ပိုင်း ၁၀ နာရီလောက်မှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်တွေ ထပ်မံပြီး တိုက်ပွဲ​ ပြန်လည် ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပွားရာ နယ်မြေအနီးက ဒေသခံတွေ ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေဖို့နဲ့ စစ်ကောင်စီဘက်က ဒေသခံရွာသားတွေကို PDF အမည်တပ် ဖမ်းဆီးလေ့ရှိတဲ့အတွက် သတိနဲ့ နေထိုင်ကြဖို့ WAE အဖွဲ့က သတိပေး နှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024