အနာဂတ်မှာ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးငယ်တွေဖြစ်ဖို့အတွက် အစာအဟာရ ပြည့်ဝခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက ကေအန်ယူ- တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ် လယ်ဝါးကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။
တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံအမျိုးသမီးတွေနဲ့ မိခင်တွေကို ပထမဆုံးအကြိမ် အသိပညာပေးဟောပြောပွဲနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် အရပ်တိုင်းတာ၊ ပေါင်ချိန်တာတွေကို ကေအန်ယူ ကျန်းမာရေးဌာနတာဝန်ခံဦးဆောင်တဲ့အဖွဲ့က ပြုလုပ်ပေးခဲ့တာပါ။
လယ်ဝါးကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက “ရွာမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဟောပြောပွဲ လုပ်တာ ဒါပထမဆုံးပဲ။ အခုလို ကလေးတွေကို စနစ်တကျနဲ့ ပြုစုတတ်ဖို့ ဟောပြောပေးတာ ကျမတို့အတွက် ဗဟုသုတတွေရစေတယ်။ အရင်ကဒါမျိုးတွေ မသိဘူး။ တောဓလေ့အတိုင်းပဲ ပြုစုခဲ့တာ။ ကလေးတွေအတွက် ကျန်းမာသန်စွမ်းဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလိုက်ရတယ်”လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်ကစတင်ပြီး ကေအန်ယူ(ကော်သူးလေ)နယ်မြေအတွင်း ကလေးသူငယ်တွေ အစာအဟာရချို့တဲ့မှုမရှိစေဖို့၊ အဟာရပြည့်ဝပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးသူငယ်တွေအဖြစ် ပြုစုပျိုးထောင်နိုင်ဖို့ရည်ရွယ်ပြီး ဗဟိုအဆင့် ကျန်းမာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက ကလေးသူငယ်တွေ အစာအဟာရပြည့်ဝခြင်းနဲ့ အသိပညာပေးခြင်းဆိုင်ရာ ကျန်းမာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
အစာအဟာရပြည့်ဝခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကို တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျန်ရှိနေသေးတဲ့ ကျေးရွာတွေမှာပါ ဆက်လက်ပြီး ပြုလုပ်သွားမယ်လို့ ကေအန်ယူ ကျန်းမာရေးဌာန တာဝန်ရှိသူထံက သိရပါတယ်။