မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းက YDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ YDF က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ကျောမြို့ကနေ ဂန့်ဂေါမြို့ဘက်ကိုထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီကားတစ်စီးနဲ့ ဆိုင်ကယ် ၆ စီးကို မနေ့က မနက် ၈ နာရီကျော်လောက်မှာ YDF တပ်ဖွဲ့က တူမီးသေနတ်တွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့်လည်း YDF တပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယောဒေသအတွင်းမှာ နိုဝင်ဘာ ၁၅ ရက်နေ့ကစလို့ ဒီကနေ့အထိ YDF တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ နေ့စဥ်တိုက်ပွဲ ပြင်းထန်နေပြီးတော့ မိဘပြည်သူတွေအနေနဲ့ တိုက်ပွဲနဲ့နီးတဲ့နေရာတွေကို သွားလာတာတွေမလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ယောဒေသအတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာနေပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၉၀၀၀ ကျော်လောက်ရှိပြီးတော့ ဆေးဝါး၊ ရိက္ခာနဲ့ အဝတ်အထည်တွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။