ခရစ္စမတ်ပွဲတော်မှာ သုံးစွဲမဲ့ ငွေကြေးတွေကို နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေသူတွေကို ပေးလှူကြဖို့ အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယက မေတ္တာရပ်ခံပါတယ်။
၂၀၂၁ ခုနှစ်နဲ့ သက်ဆိုင်တဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်နေ့) နီးကပ်လာတာနဲ့အမျှ လုပ်ဖော်ကိုင်ဖက်တွေဟာ မွေးနေ့တော်ကို ဘယ်လို ဆင်နွှဲကြမယ်ဆိုတာ စဉ်းစားပြင်ဆင်နေကြပြီလို့ ယူဆကြောင်းနဲ့ အခု မြန်မာပြည်တွင်း ဖြစ်ပျက်နေတာတွေအတွက် ကိုယ်ချင်းစာစိတ်ထားသူ တယောက်တလေမျှဟာ စိတ်လွတ်လက်လွတ် ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲတော်ကို ဆင်နွှဲနိုင်မှာ မဟုတ်ဘူးလို့ နိုဝင်ဘာ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မေတ္တာရပ်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ စစ်ခေါင်းဆောင်တွေရဲ့ မတရားဖိနှိပ်မှုတွေ ခံစားနေရတဲ့အချိန်ဖြစ်ပြီး အမှန်တရားအတွက် မိမိတို့ အိုးအိမ်ကိုစွန့်ပြီး နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြသူတွေ မရေမတွက်နိုင်အောင်ရှိနေလို့ သူတို့ရဲ့ စားဝတ်နေရေးဆိုင်ရာ အခက်အခဲတွေကို အကူအညီပေးဖို့ အလွန်အမင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးတော့ ပြည်တွင်းက သွေးရင်းသားချင်းတွေသိန်းချီပြီး နေထိုင်ရာ အိမ် မြေရာတွေကို စွန့်ခွာ အမိုးအကာမဲ့၊ အစာရေစာပြတ်တာနဲ့ ရောဂါဖိစီးတာကို ခံစားနေရချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီအနေအထားမှာ အသင်းတော်တွေအနေနဲ့ သခင်ယေရှုမွေးဖွားတော်မူတဲ့နေ့ကို ကြိုဆိုဆင်နွှဲဖို့ ပြင်ဆင်ရင်း မေတ္တာကို အခြေခံပြီး မိသားစု၊ အသင်းတော်တွေရဲ့ အကုန်အကျခံလုပ်ကြမဲ့ ငွေထဲကနေ ဒုက္ခခံနေရသူတွေအတွက် စိတ်အားထက်ထက်သန်သန်နဲ့ ပါဝင်ပေးလှူကြဖို့ အလေးအနက် မေတ္တာရပ်ခံတယ်လို့လည်း ထုတ်ပြန်အကြောင်းကြားထားပါတယ်။