ရန်ကုန်မြို့မှာ စစ်ကောင်စီက လျှပ်စစ်မီး မကြာခဏဖြတ်တောက်တာဟာ ပြည်သူတွေ စိတ်မတည်ငြိမ်မှုဖြစ်အောင် ခြောက်လှန့်တာဖြစ်နိုင်သလို ညပိုင်းတွေမှာ ဖမ်းဆီးချင်တဲ့သူတွေကို အလွယ်တကူ ဖမ်းဆီးနိုင်အောင် လုပ်နေတာလို့ မြို့ခံ ပြည်သူတွေက ပြောပါတယ်။
နိုဝင်ဘာ တတိယအပတ်ကစပြီး ရန်ကုန် အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတာဖြစ်ပြီး ဒါဟာ အာဏာသိမ်းစစ်ကောင်စီရဲ့မရိုးသားတဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်မယ့်အကြောင်း ကြိုတင်အသိပေးတာမျိုးမရှိဘဲ ရန်ကုန်က မြို့နယ်တော်တော်များများမှာ နေစဉ်ရက်ဆက် မီးပြတ်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ညပိုင်းတွေမှာ လျှပ်စစ်မီးဖြတ်တောက်ပြီး ပြည်သူတွေအခက်အခဲဖြစ်အောင် ဆောင်ရွက်နေတာဖြစ်သလို တဖက်မှာလည်း သူတို့ ဖမ်းဆီးချင်တဲ့သူတွေကို အလွယ်တကူ ဝင်ဖမ်းနိုင်အောင် လုပ်ဆောင်နေတာလို့ လသာမြို့နယ်မှာ နေထိုင်သူ တစ်ယောက်ကပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်က မီးပျက်နေချိန်အတွင်းမှာ ရန်ကုန်မြို့က လူငယ် ၆ ယောက်ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေက မီတာခမပေးဆောင်တော့တာကြောင့် စစ်ကောင်စီက သတိပေးတဲ့အနေနဲ့ မီးဖြတ်ပြတာဖြစ်နိုင်တယ်လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်သူတစ်ယောက်က ခန့်မှန်းပါတယ်။
စစ်ကောင်စီယန္တရားတွေ မလည်ပတ်နိုင်အောင် မီတာခအပါအဝင် အခွန်အခတွေမပေးဆောင်ဘဲ ပြည်သူတွေက သပိတ်မှောက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနကတော့ လျှပ်စီးမီးတွေ ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဓာတ်အားလိုင်းတွေ ချို့ယွင်းချက်ကြောင့်မီးပျက်တာလို့ အသိပေးခဲ့ပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်က ဓာတ်အားလိုင်းတွေ ချို့ယွင်းရင် မီးပျက်မယ့်အကြောင်း ကြိုတင်အသိပေးတာရှိခဲ့ပေမဲ့ စစ်ကောင်စီလက်ထက်မှာတော့ ကြိုတင်အသိပေးတာမရှိဘဲ မီးပျက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီက ရန်ကုန်မြို့မှာ မီတာခပေးဆောင်ဖို့ ရပ်ကွက်တွေထဲအထိ လက်နက်ကိုင်တပ်တွေနဲ့အတူ လိုက်လံခြိမ်းခြောက် အဓမ္မတောင်းခံတာတွေ နိုဝင်ဘာလဆန်းမှာ ပြုလုပ်ခဲ့ပါတယ်။
မီတာခမဆောင်တဲ့အိမ်တွေကို ချက်ချင်းမီးကြိုးတွေ ဖြတ်တောက်တာခဲ့ပေမဲ့ ပြည်သူတချို့က မီတာခမပေးဆောင်ခဲ့ပါဘူး။ တချို့ကတော့ မီးဖြတ်ခံရတာကြောင့် အခက်အခဲရှိနိုင်တာအပြင် စစ်ကောင်စီကို ကြောက်တဲ့အတွက် မီတာခပေးဆောင်တာတွေ ရှိနေပါတယ်။