အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် အွန်လိုင်းကနေ စတင်ကျင်းပနေပြီး မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ တက်ခွင့်မရပဲ မြန်မာနိုင်ငံနေရာကို ချန်လှပ်ထားပါတယ်။
ဒီနေ့မနက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဆီယံ-တရုတ် ဆက်ဆံရေး နှစ်(၃၀ )ပြည့် မိန့်ခွန်းပြောကြားသွားပါတယ်။
တရုတ်နိုင်ငံက ကမကထလုပ်ကျင်းပတဲ့ အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပြုဖို့ အရှေ့တောင် အာရှနိုင်ငံတွေကို တရုတ်သံတမန်က လှည့်လည်စည်းရုံးခဲ့ပေမဲ့ အာဆီယံနိုင်ငံတချို့ရဲ့ ပြင်းပြင်းထန်ထန် အတိုက်အခံ လုပ်တာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒီနောက် တရုတ်အနေနဲ့ အာဆီယံရပ်တည်ချက်ကို လက်ခံပေးရမှာဖြစ်ကြောင်း၊ အာဆီယံက ကျင့်သုံးတဲ့ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ကိုယ်စားလှယ်ပြုမှု မူကို တရုတ်က ဆက်ထိန်းထားလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းက ပြောကြားခဲ့ပါတယ်။
အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးမတိုင်ခင် တရုတ် အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံက တက်ခွင့်မပြုဘဲ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို အာဆီယံက ဖိတ်ကြားခဲ့ပါတယ်။