မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအုပ်စု၊ အနောက်တောကျေးရွာက ဒေသခံရွာသား ၁ ဦးကို နိုဝင်ဘာ ၁၈ ရက် ည ၉ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်သတ်သွားတယ်လို့ သိရပါတယ်။
သေဆုံးသွားသူ အသက် ၅၀ ကျော်အရွယ် ဦးမြင့်ဝင်းဟာ အနောက်တောရွာသားဖြစ်ပြီး နေအိမ်ရှေ့ကလမ်းမှာ လမ်းလျှောက်နေစဉ် ပစ်ခတ်သွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။
မိသားစုနဲ့နီးစပ်သူ တဦးက ''ဦးလေးက သူ့ဘာသာသူအေးအေးဆေးဆေးလမ်းလျှောက်နေတာ စစ်သားနဲ့ရဲတွေပါတဲ့ လှည့်ကင်းအဖွဲ့က လှမ်းပစ်သွားတာ။ ဆုံးသွားပြီဗျာ'' လို့ ပြောပါတယ်။
ဦးမြင့်ဝင်းရဲ့ ရုပ်အလောင်းကို သူနေထိုင်ရာ အနောက်တောကျေးရွာသုသာန်မှာ ဒီကနေ့ညပိုင်း သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။