မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၆၉ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၂၁၇ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၃၂၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၈၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘုရားသိကြားကျေးရွာမှ ကိုကျော်သူဝင်းကို အကြမ်းဖက်စစ်အုပ်စုက ဗုံးပေါက်ကွဲမှုသံသယနဲ့ နိုဝင်ဘာ ၁၂ ရက်မှာ ဖမ်းဆီးသွား ခဲ့ပြီးနောက် ကိုကျော်သူဝင်းဟာ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် နောက်တနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာပဲ စစ်ကြောရေးမှာ ကျဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာမှာ နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီလောက်က အကြမ်းဖက်စစ်အုပ်စုတပ်က ပစ်ခတ်တာကြောင့် တောင်သူ ကိုဖိုးဖြူဟာ နေရာတင် ကျဆုံးသွားခဲ့ပါတယ်။ ကိုဖိုးဖြူရဲ့ ဘေးအိမ်ကို စစ်တပ်ကလာရောက်ဝိုင်းချိန်မှာ ထွက်ကြည့်ရာကနေ ခုလိုပစ်သတ်ခံ ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။