ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့အထွက် အေးရှားဝေါတိုးဂိတ်အနီး(ကျောက်တောင်နားမှာ) နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီလောက်က စစ်ကောင်စီ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တို့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စကစ ၁၆ က လက်နက်ကြီးနဲ့ နေ့စဥ် နေကောညပါ ပစ်ခတ်နေတဲ့အပြင် မြို့တွင်း မြို့ပြင် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အတွက် မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
သိန္နီမြို့ခံတစ်ဦးက"လက်နက်ကြီးပစ်တာ ၂ နာရီလောက်ကြာတယ်။ လက်နက်ငယ်ပစ်သံပါ ပါတယ်။ လက်နက်ကြီးပစ်တာ မြေကြီးပါတုန်တယ်။ အခုက မြို့နားမှာဖြစ်တာ။ မြို့တွင်းမှာ ဖြစ်ရင်မလွယ်ဘူး။ ကျနော်တို့ ပြည်သူတွေ ထိခိုက်မှာပဲ စိုးရိမ်တယ်"လို့ ဆိုပါတယ်။
သိန္နီ-ကွတ်ခိုင်သွား ကားလမ်းမကြီးတလျှောက် တိုင်းရင်းသားလက်နက်ကိုင် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီရဲ့တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။
၂၀၁၉ အောက်တိုဘာလက သိန္နီမြို့စည်ပင်သာယာစျေးအနီး အကြမ်းဖက်စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသူတွေရှိခဲ့သလို နေအိမ်နဲ့ စျေးဆိုင်ခန်းတွေ ပျက်စီးခဲ့ပါတယ်။