ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ ညနေ ၅ နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းပိတ်ဆို့ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ညနေ ၅ နာရီ ၁၅ မိနစ်လောက်တည်းက ပတ္တမြားလမ်းက အဆောင်ဖွင့်ထားတဲ့ အိမ်အမှတ် ၄၈ ရှေ့ကစပြီး အိမ်စီးကား ၁ စီး ၊ ရဲမီးတန်းကား ၂ စီး၊ DC ၄ စီးနဲ့ စစ်ကောင်စီအဖွဲ့တွေက လမ်းပိတ်ပြီး စစ်ဆေးနေတာတွေ့ရတယ်။ ညနေ ၆ နာရီကျော်ထိ ရှာနေတာပဲ။ ဘာရှာတယ်တော့ မသိဘူး။ တိုက် ၅၂ နဲ့ ၅၄ ရှေ့နားမှာလည်း အလုပ်ဆင်းပြီးပြန်လာတယ်ထင်ရသူတွေကိုသာ လမ်းပေးဖြတ်ပြီး ကျန်တဲ့ အိမ်နေရင်းအဝတ်နဲ့ လူတွေကို လမ်းပေးဖြတ်တာ မတွေ့ရဘူးလို့ "အနီးနားနေထိုင်သူ တစ်ဦးက ပြောပါတယ်။
အလားတူ လှိုင်သာယာမြို့နယ်မှာလည်း ဒီနေ့ ညနေ ၆ နာရီလောက်က အလယ်ရွာ(မူကြိုလမ်းဆုံ) လက်ဖက်ဆိုင်ဘက်ခြမ်းကို စစ်ကား ၃ စီးနဲ့ လမ်းပိတ်ဆို့ပြီး ဘာကြောင့်ပိတ်တယ်၊ ဘာကို လာရှာတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။