ကျန်းမာရေးဌာန CDM ၀န်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်နေမှုရပ်တန့်ဖို့ ဧရာဝတီတိုင်း မအူပင်ခရိုင်ဆေးရုံအုပ်ကြီးအား မအူပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နို၀င်ဘာ ၈ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
CDM ပါ၀င်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်တဲ့ NonCDM အရာထမ်းတွေက စစ်ကောင်စီယန္တရား ပြန်လည်လည်ပတ်နိုင်စေဖို့ နည်းမျိုးစုံသုံး ဒုက္ခပေးခဲ့တယ်လို့ ဆိုပါတယ်။
မအူပင်ခရိုင် ပြည်သူကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီးဒေါက်တာကျော်စွာလှိုင်ဟာလည်း CDM ၀န်ထမ်းတွေကို ဖိအားပေး ဒုက္ခပေးနေတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မအူပင်အနေနဲ့ လုံး၀လက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
မအူပင်ခရိုင်ဆေးရုံအုပ်ကြီးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထပ်မံဖိအားပေးတာတွေကို မပြုလုပ်ဖို့၊ သတိပေးချက်ကို မလိုက်နာဘဲ ရှေ့ဆက်လုပ်ဆောင်မယ်ဆိုပါက ခွင့်လွှတ်မှာမဟုတ်ကြောင်း သတိပေးထားပါတယ်။
မအူပင်ခရိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဌာနကင်းကွာ အရာထမ်းအမှုထမ်းတွေ ရုံးလုပ်ငန်းသုံးအတွက်ချထားတဲ့ ကား၊ ဆိုင်ကယ်၊ Tablet၊ ကွန်ပျုတာတွေ အပ်နှံဖို့ မအပ်နှံပါက လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားဖို့ မအူပင်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလှိုင်က အောက်တိုဘာ ၂၅ ရက်နေ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
မအူပင်မြို့မှာ အောက်တိုဘာလအတွင်း ဒလန်ရှင်းလင်းတာနဲ့ ဌာနဆိုင်ရာရုံးတွေကို ဗုံးပေါက်ခွဲတာတွေကို မြို့ပြပြောက်ကျား အဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။