ကိုဗစ်ကာလ အရပ်သားအစိုးရလက်ထပ်မှာ နိုင်ငံဝန်ထမ်းတွေကို ကိုဗစ်ကာလ အဆင်ပြေစေရန်အတွက် လစာကြိုတင်ပြီး ၂ လစာထုတ်ချေးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဆိုပါ ချေးငွေတွေကို ဝန်ထမ်းတွေဆီက လစဉ်ပြန်လည်ဖြတ်တောက်ကောက်ယူနေတယ်လို့ သိရပါတယ်။
ဇီးပင်ကြီး မီးသတ်တပ်ဖွဲ့သင်တန်းကျောင်းက ဝန်ထမ်းတွေက အရပ်သားအစိုးရလက်ထပ်က ကိုဗစ်ချေးငွေ ကြိုတင်ထုတ်ယူတာမျိုးမရှိခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီလက်ထပ်မှာ လစာထဲက လစဉ်ဖြတ်တောက် ခံနေရတယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။
“ကိုဗစ်ကာလ ချေးငွေ ၂ လစာကို ဝန်ထမ်းတွေက မယူဘူး၊ ဒါပေမယ့် ကျောင်းအုပ်ကြီးက ထုတ်ပြီး ဘဏ်မှာ အပ်ထားတယ်ကြားတယ်။ ဒါပေမယ့် ခုလစာထဲက အဖြတ်ခံနေရတာ့ တော်တော်ဒုက္ခဖြစ်နေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဝန်ထမ်းတွေက ကိုဗစ်ချေးငွေ ၂ လစာကို ကျောင်းအုပ်ဆရာကြီးက ကြားထဲကထုတ်ယူပြီး AGD ဘဏ်မှာ အပ်ထားကာ ပင်စင်သွားတဲ့အခါယူသွားဖို့စီစဉ်ထားတာလို့ ဆိုပါတယ်။
ဝန်ထမ်း ၃၀ ကျော် ကိုယ်စား ကျောင်းအုပ်ကြီးထုတ်ယူထားတဲ့ ကိုဗစ်ချေးငွေတွေအတွက် ဝန်ထမ်းတွေက စက်တင်ဘာလက စတင်ကာ လစဉ် လစာထဲက ဖြတ်တောက်ခံနေရတာ ၃ လရှိလာပြီလို့ သိရပါတယ်။