စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိန်ယံကျေးရွာအုပ်စုကို ဒီပဲယင်းဘက်ကလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းမှာ ရုတ်တရက် ဝင်ရောက်ပြီး လူငယ် ၉ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီပဲယင်း ရဲက ရုတ်တရက် ဝင်ဆွဲတာခံရပါတယ်၊ ၉ ဦး ပါသွားပါတယ်။ လက်လုပ်မိုင်းအသေး တစ်လုံးနဲ့ လေသေနတ်တစ်လက်သာပါတဲ့ လူငယ်ကိုးဦးကို လက်နက်အပြည့်အစုံနဲ့ ဖမ်းဆီးရမိတဲ့ ပုံစံ လုပ်ကြံဓာတ်ပုံရိုက်နေတယ်လို့ အတွင်းသတင်းရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့လူငယ် ၉ ဦးကို ဒီပဲယင်းရဲစခန်း ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အလားတူ ရေဦးမြို့၊ မကျီးတောရပ်ကွက်က မောင်နှမ နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရေဦး-ခင်ဦးလမ်းမကြီးပေါ်က Orchid စားသောက်ဆိုင်ကိုလည်း စစ်ကောင်စီက ပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်။