မန္တလေးမြို့မှာ မြို့ပတ်ရထားလမ်းတည်ဆောက်ဖို့နဲ့ မြေအောက်မြို့ပတ်ရထားလမ်း တည်ဆောက်နိုင်ရေးအထိ ကြိုတင်မျှော်တွေးစီမံဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၃ ရက်က စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
“Public Transportation လုပ်ငန်းများအား ဆောင်ရွက်နိုင်မည် ဆိုပါက ကိုယ်ပိုင်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သုံးစွဲမှုလျှော့ချနိုင်မည် ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံ တင်ထားသည့် မော်တော်ယာဉ်မျိုးစုံ တစ်သန်းခန့်နှင့် မော်တော်ဆိုင်ကယ် ခြောက်သန်း ခန့်ရှိကြောင်း၊ တစ်ရက်လျှင်ကားတစ်စီး ဆီတစ်ပုလင်း၊ မော်တော်ဆိုင် ကယ်တစ်စီး နို့ဆီဘူးတစ်ဘူးခန့်သုံးပါက နေ့စဉ်ဆီမည်မျှကုန်ကျနေမည်ကို တွက် နိုင်ကြောင်း၊ နိုင်ငံခြားငွေကြေးများစွာအသုံးပြုနေရသဖြင့် သွားလာပို့ဆောင်ရေးတွင် ဆီသုံးစွဲမှုလျှော့ချရန် ကြိုးစားရမည်ဖြစ်ကြောင်း” စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် ယာဉ်လမ်းကြောင်းတွေနဲ့ လမ်းညွှန်အမှတ်အသားတွေကို စနစ်တကျ ရေးဆွဲဖို့လိုသလို ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်ရာမှာ စည်းကမ်း ဖောက်ဖျက်သူတွေကို ထိရောက်စွာအရေးယူ ဆောင်ရွက်ဖို့၊ လမ်းဘေးပလက်ဖောင်းတွေ စနစ်တကျဖြင့်တည်ဆောက်ဖို့နဲ့ ဈေးဆိုင်ခန်းတွေ စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းပါတယ်။
မန္တလေးတိုင်းအတွင်း သဘာဝမြေဩဇာ ထုတ်လုပ်နိုင်တဲ့ အခြေခံကောင်းများရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ကြက်ချေး၊ နွားချေး၊ ဝက်ချေးများမှ စိုက်ပျိုးရေးလုပ်ငန်းတွေးအတွက် အထောက်အကူဖြစ်တဲ့ သဘာဝမြေဩဇာရရှိနိုင်တဲ့အတွက် မွေးမြူ ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စနစ်တကျမွေးမြူဖို့နဲ့ မျိုးကောင်း မျိုးသန့် မွေးမြူဖို့ တိုက်တွန်းပါတယ်။
ဧရာဝတီမြစ်ကမ်းပြိုကျပျက်စီးမှု ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်တွေစိုက်ပျိုးဖို့နဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ခရီးသွားတွေလာရောက်နိုင်တဲ့ နေရာတွေတည်ဆောက်ကြဖို့ လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံတဝန်း လှည့်လည်သွားလာပြီး ရောက်ရာနေရာမှာ တွေ့တဲ့လူတိုင်းကို မြေအောက်ရထားလမ်းတွေဖောက်ဖို့နဲ့ လျှပ်စစ်ကားတွေပြေးဆွဲဖို့ အကြိမ်အကြိမ် အခါခါ ပြောနေတာ ဖြစ်ပါတယ်။
Photo- DSINFO