Home
မြန်မာသတင်း
မီးရထားဝန်ထမ်း ပစ်သတ်ခံရမှု အန်အယ်လ်ဒီ အမတ် ဦးဖြိုးဇေယျာသော်နှင့် ဆက်နွှယ်နေဟု စစ်ကောင်စီစွပ်စွဲ
DVB
·
November 3, 2021

ရန်ကုန်မှာ မြန်မာ့မီးရထား၊ သတင်းနှင့် ပြန်ကြားရေးဌာန ဝန်ထမ်း  ၁ ဦး ပစ်သတ်ခံရမှုမှာ  အန်အယ်လ်ဒီ လွှတ်တော်အမတ် အဆိုတော် ဦးဖြိုးဇေယျာသော်နဲ့ ဆက်နွှယ်နေတယ်လို့ အကြမ်းဖက် စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ပါတယ်။

မြန်မာ့မီးရထားက Non CDM ဝန်ထမ်းဖြစ်တဲ့ ထိန်ဝင်း(ခ)ရန်ကင်းမောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းနဲ့ အထက်ပန်းဆိုးတန်းလမ်းကြား ဗိုလ်မင်းရောင်လမ်းမပေါ်က သိမ်ဖြူမီးပွိုင့်နားမှာ အမည်မသိ သေနတ်သမားတယောက်ရဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ မြန်မာ့မီးရထား၊ သတင်းနှင့် ပြန်ကြားရေးဌာနကဖြစ်ပြီး ရန်ကင်းမောင် အမည်နဲ့ အင်တာနက်လူမှုကွန်ရက်ပေါ် စာရေးလေ့ရှိသူဖြစ်ကာ မီးရထားဌာနမှာ CDM ဝန်ထမ်းတွေကို အိမ်ရာတွေကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတုန်းက CDM ဦးဆောင်သူတွေကို နာမည်နဲ့တကွ စစ်တပ်ဘက်ကို သတင်းပေးတယ်ဆိုပြီး ဝန်ထမ်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကတော့ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် စစ်တပ်ဘက်က ကူးပြောင်းရောက်ရှိလာတဲ့ သူရဦးအောင်မျိုးမြင့်ကို အစမ်းခန့်ထားလိုက်တယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်ကောင်စီက ဒီဖြစ်စဉ်မှာ ပါဝင်သူ ၁၅ ယောက်ကို ဖမ်းဆီးထားပြီး လွှတ်တော်ကိုယ်စားလှယ် ဇေယျာသော်အပါအဝင် ဗိုလ်တထောင်မြို့နယ် တိုင်း ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း၊ ရန်ကုန်ဘူတာကြီးမှ CDM မီးရထားဝန်ထမ်း ရုံပိုင် (အထူး) ဝန်ထမ်း ၂ ယောက်တို့ကလည်း အမှုနဲ့ ဆက်စပ်ဖော်ပြထားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့၊ ရေကျော်စျေးအနီးမှာ အမျိုးသမီးငယ် တယောက်ကို သတ်ဖြတ်ခဲ့မှု၊ ဒေါပုံမြို့နယ်နဲ့ လှိုင်မြို့နယ်တွေမှာ ဖောက်ခွဲရေးလုပ်ငန်းတွေ ကျူးလွန်သူတွေကိုလည်း ဖမ်းဆီးရမိကြောင်း စစ်ကောင်စီအာဘော်သတင်းစာမှာ ကြေညာထားခဲ့ပြီး အဆိုပါ ဖြစ် စဉ်တွေမှာလည်း ဦးဖြိုးဇေယျာသော်ကဖွဲ့စည်းခိုင်းတာတဲ့ အဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲထားပါတယ်။ 

စစ်ကောင်စီ ရဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေဘက်က ပြန်လည် တုံ့ပြန်နိုင်ခွင့် မရှိသေးပါဘူး။   ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖောက်ခွဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်တပ်က တွေ့ရာကြုံရာ လူငယ်တွေကို ဖမ်းဆီးပြီးနောက် မဟုတ်မမှန်ဇာတ်လမ်းဆင်ပြီး အန်အယ်လ်ဒီအမတ်တွေနဲ့ ချိတ်ဆက်ကာ စစ်ကောင်စီအာဘော် မီဒီယာတွေကနေ မကြာခဏ ထုတ်လွှင့် နေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူမှုကို ပြည်သူတွေက ဆန့် ကျင်ဆန္ဒပြခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ၉ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက် စစ်ကောင်စီဟာ NLD ပါတီဝင်တွေအပါအဝင် နိုင်ငံ့ဝန်ထမ်း CDM ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်အကြပ်ကိုင်ဖမ်းဆီးသတ်ဖြတ်တာ တွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024