ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားတွေရဲ့ နေအိမ် အဆောက်အအုံတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ မီးလောင်ပျက်စီးခဲ့ရတာကို ဝမ်းနည်းကြေကွဲစွာ မြင်တွေ့ရကြောင်း KIO၊ NMDAA၊ TNLA နဲ့ AA မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ဒီလိုအကြမ်းဖက်ခံရတဲ့တွက် ပူဆွေးသောက ခံစားနေရတဲ့ထန်တလန်မြို့သူမြို့သားတွေ၊ ညီနောင်ချင်းလူမျိုးတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က နိုဝင်ဘာ၁ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်တာပါ။
ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဘယ်လို ဖြေရှင်းချက်တွေ ပြုလုပ်ပေမယ့် အမှန်တရားကို ဖုံးကွယ်လို့ မရနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အလားတူ မြောက်ပိုင်းမဟာ မိတ်အဖွဲ့တွေဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NMDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော်(AA) အဖွဲ့တွေကလည်း ထန်တလန်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဖိနှိပ်ခံ ညီနောင်သွေးချင်းတွေ ကြေကွဲဝမ်းနည်းခံစားရသလို ထပ်တူ ခံစားရကြောင်း ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်ထန်တလန်မှာလိုပဲ တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း လွန်ခဲ့တဲ့လတွေက အလားတူ ဖြစ်ရပ်တွေရှိခဲ့တဲ့အတွက် စိတ်မကောင်းကြောင်း ထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်ဟာ အခုလို အလားတူ ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို လွန်ခဲ့တဲ့နှစ်ကာလတွေမှာ မြောက်ပိုင်းမဟာ မိတ် ၃ ဖွဲ့ အခြေပြုလှုပ်ရှားရာ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ဒေသတွေမှာ ကြိမ်ဖန်များစွာ ပြုလုပ်ထားခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉ ရက်က အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ထန်တလန်မြို့က နှစ်ခြင်းအသင်းတော် ၄ ထပ်အဆောက်ဦနဲ့ ခရစ်ယာန်ဘုရားကျောင်း ၂ ခုအပါဝင် နေအိမ် ၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပါတယ်။
ထန်တလန်မြို့မှာ အိမ်ခြေ ၁၈၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ကာ မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အများစုက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အဆိုပါမီးရှို့မှုကို ဝန်ခံခြင်းမရှိဘဲ PDF တွေမီးရှို့တာလို့ တုံ့ပြန်စွပ်စွဲထားပါတယ်။