မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက် သားသတ်ရုံအနီး လှည့်လည်နေတဲ့ ရဲကားကို အောက်တိုဘာ ၃၀ ရက်မနက် ၉ နာရီဝန်းကျင်က ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။
ဒီလိုဗုံးနဲ့ ပစ်ခံရတဲ့အတွက် ရဲကားမှာ မှန်တွေ ပျက်စီးပြီး မောင်းပြေးသွားတဲ့အပြင် အနီးပတ်ဝန်းကျင်ရှိ ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
ရပ်ကွက်နေပြည်သူတစ်ဦးက “ရဲကားကို ဗုံးနဲ့ပစ်တာ ရဲကားက မှန်တွေ ပျက်စီးသွားတယ်။ သူတို့အထိအခိုက်ကတော့ မသိဘူး။ ဘေးနားက ပြည်သူတချို့တော့ ထိခိုက်ဒဏ်ရာရတာတွေ့ရတယ်။ ကလေးတစ်ယောက်ပါ ထိတယ်ကြားတယ်” လို့ ပြောပါတယ်။
ဒီလိုရဲကား ဗုံးနဲ့ ပစ်ခံရတဲ့အတွက် သံလျှက်မှော်အနောက်ရပ်ကွက်နဲ့ စိန်းပန်းရပ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ လှည့်နေပြီး ၄၁ လမ်း၊ လမ်း ၉၀ အနီးမှာလည်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။